သာသနာပြု ဒသမ ရွှေကျင်သာသနာပိုင် မြောင်းမြဆရာတော်။

Tuesday, January 20, 2009

ကျေးဇူးတော်ရှင် စံကင်း ဆရာတော်ဘုရားကြီး သက်တော်ထင်ရှား ရှိစဉ်အခါတုန်းက ကျွန်မတို့ သမီးခင်ပွန်းက ဆရာတော်ကြီး အထံတော်မှောက်သို့ မကြာမကြာ အဖူးအမြော် ရောက်ပါတယ်။ ရောက်တဲ့အခါတိုင်းလည်း ဆရာတော်ကြီးက သူ့သားသမီးတွေ လာရောက် ကန်တော့ကြသလိုပဲ ၀မ်းပန်းတသာ အကန်တော့ခံပြီး တရင်းတနှီး ရယ်စရာ မောစရာလေး တွေ ပြောတဲ့အခါပြော၊ ကျွန်မကို စတဲ့အခါ စတတ်ပါတယ်။

ကျွန်မတို့ လူထုသတင်းစာ နေ့တိုင်းဆက်ကပ် လှူဒါန်းထားတော့ ဆရာတော်ဘုရားကြီးက သတင်းစာကို ကိုရင်တွေ နေ့တိုင်း ဖတ်အပြခိုင်းပြီး နားထောင်တာကိုး။ အဲဒီတော့ ဦးလှ ကနေ့ ဘာရေးတယ်၊ ကျွန်မ ကနေ့ ဘာရေး တယ်ဆိုတာတွေကို ဆရာတော်ကြီးက နေ့တိုင်း ကိုရင်တွေ ဖတ်ပြလို့ သိပြီးသား ဖြစ်နေတော့ စိတ်ထဲမှာ တရင်းတနှီးကြီး ဖြစ်နေတော်မူလို့သာ ဒီလို ဆက်ဆံတာ နေမှာပေါ့။
တနေ့တော့ ဆရာတော်ကြီးဆီက ပြန်တဲ့အခါ မြောင်းမြဆရာတော် ရှိတယ်ဆိုပြီး ဦးလှနဲ့ကျွန်မ မြောင်းမြဆရာတော် သတင်းသုံးတဲ့ အလယ်တိုက်မကြီး အပေါ်ထပ် အရှေ့ခန်းမဆောင်ကို တက်လာခဲ့ကြတယ်။
တက်သွားကြတော့ ဆိုက်ဆိုက်မြိုက်မြိုက် မြောင်းမြဆရာတော်ကြီးကို ဖူးတွေ့ရပါ တယ်။ မြောင်းမြဆရာတော်ကြီးက ရုပ်ဆင်းအင်္ဂါကလည်း ဖြူဖြူစင်စင်၊ ပြည့်ပြည့်ဖြိုးဖြိုးနဲ့ တောင့်တောင့်ကြီး၊ ကြည့်ပုံရှုပုံကလည်း စူးစူးရှရှ ထက်ထက်မြက်မြက်၊ အသံတော်ကလည်း ထည်ထည်ဝါ၀ါ ရှိတဲ့အပြင် လေယူလေသိမ်းက ပြတ်သားပါဘိသနဲ့။ သက်တော်ရှည် စံကင်းဆရာတော်ဘုရားကြီးနဲ့တော့ တခြားစီပေါ့လေ။ စံကင်းဆရာတော်ကြီးက သက်တော် ၁၀၀ ကျော်၊ မြောင်းမြဆရာတော်က သက်တော် ၈၀ ကျော်၊ အနှစ် ၂၀ လောက် ကွာခြားပေတာကိုး။ ကျွန်မတို့နှစ်ယောက် ၀ပ်ချပြီး ထိုင်မိကာ ရှိပါသေးတယ် ဦးလှဟာ ညောင်လေးပင်တောရကြီး ဆရာတော် ဦးအရိယရဲ့ညီမှန်း ဆရာတော်က သိလေတော့ အဲဒီနယ်က ရွှေကျင်သာသနာနဲ့စပ်တဲ့ ရှေးဟောင်းနှောင်းဖြစ်ကလေးတွေကို ပြောပြနေပါ တော့တယ်။
ဆရာတော် ပြောတဲ့အထဲမှာ အင်မတန် နာမည်ကျော်ကြားပြီး ရဟန္တာလို့ သမုတ်ခံရတဲ့ ဘုးန်းတော်ကြီး သေက္ချတောင် ဦးသီလအကြောင်းလည်း ပါတယ်။ ပဲခူးက ကြခတ်ဝိုင်းကျောင်း စတင်တည်ထောင်တဲ့အချိန်က အကြောင်းလည်း ပါတယ်။ ရှေးဟောင်းနှောင်းဖြစ်တွေကို ပြောတာလို့ ဆိုရပေမယ့် ဆရာတော့်မှတ်ဥာဏ်က ကောင်းလိုက်တာ။ အားလုံး အတိအကျ အခိုင်အမာတွေ၊ အချက်အလက်အလက်တွေ ကလည်း စုံလိုက်တာ။ ကျွန်မက ဦးလှဘေးနားက နားထောင်နေရင်း ဆရာတော် မိန့်မြွက်ချက်တွေက သဘောကျစရာ ကောင်းလွန်းလို့ စာအုပ်ကလေး တအုပ်လောက်များ ပါရင် ကောင်းလေရဲ့၊ ဆရာတော်ပြောတာတွေကို တေးမှတ်ထားပြီး စာပြန်ရေးရရင် ဖတ်ချင်စဖွယ် သိတ်ရှိမှာပဲလို့ အောက်မေ့နေမိတယ်။ ဆရာတော် မန္တလေးမှာ ရှိနေတုန်း မှတ်စရာ စာအုပ်တအုပ်ယူပြီး လာခဲ့ဦးမယ်၊ ဆရာတော် အမိန့်ရှိတာတွေ ရေးမှတ်ယူမယ်လို့လည်း စိတ်ထဲက ပိုင်းဖြတ်လာခဲ့မိတယ်။ နို့ပေမယ့် မလုပ်ဖြစ်လိုက်ဘူး။ ဆရာတော်ကြီးက ရန်ကုန် မဟာဗောဓိကျောင်းမှာ ၂၄-၇-၇၅ နေ့မှာ ပျံလွန်တော်မူသွားတယ်လို့ ကြားရပါတယ်။ ဒါကြောင့် မမှတ်သားလိုက်ရတဲ့ ဆုံးရှုံးမှုအတွက် နှမြောလို့မဆုံး ဖြစ်ခဲ့ရတယ်။ နို့ပေမယ့် ကျွန်မနှမြောတာက ဘာပြောပလောက်မှာလဲ။ ဆရာတော်ကြီး ပျံလွန်တော်မူသွားတာကို ရွှေကျင်သာသနာကမှ တကယ် နှမြော တသရတာ ဟုတ်လား။ ရွှေကျင်သာသနာအတွက်တော့ အလွန်ကြီးမားတဲ့ ဆုံးရှုံးမှုကြီး ဖြစ်ပါတယ်။ ဆရာတော်လို ပုဂ္ဂိုလ်က ရွှေကျင်သာသနာအတွင်းမှာကိုပဲ မြောက်မြောက်မြားမြား ပေါ်ထွက် လေ့ ရှိတာမှ မဟုတ်ဘဲ။ "၀ိနည်း လေးစားသောအရာတွင် သာသနာ နောက်ဖျားမှာ ပြိုင်ဘက်ရှားသော ပုဂ္ဂိုလ်တပါးဖြစ်ပါတယ်" လို့ ဆိုစကားနဲ့ တကယ်ညီတဲ့ ပုဂ္ဂိုလ်ပေကိုး။ ဆရာတော် တသက်မှာ ၀ိနည်းအတွက် ဆရာတော်ကြိုးပမ်းခဲ့ပုံတွေ၊ လိုက်နာစောင့်စည်းခဲ့ပုံ တွေ ဘာကိုမှ မငဲ့ကွက်ပဲ ဘုရားရှင်ပညတ်တဲ့ ၀ိနည်းတော် မကျိုးမပေါက်ရရေးအတွက်သာ ရွက်ဆောင်တော်မူခဲ့ပုံတွေက ပြောမကုန် ရေးမကုန် ရှိခဲ့ပါပေတယ်။
မြောင်းမြဆရာတော်ရဲ့ အကြီးမားဆုံး ဂုဏ်ပုဒ် တခုကတော့ စာသင်တိုက် တတိုက် ဖြစ်ပေါ်လာအောင်၊ ဖြစ်ပေါ်လာတဲ့အခါ တည်တံ့အောင်၊ စည်ပင်တိုးတက်အောင် ရွက်ဆောင် တော် မူနိုင်တဲ့ စွမ်းပကားရှိခြင်းလို့ ပြောရင် မှန်မယ်ထင်ပါတယ်။ ဆရာတော် လက်မွန်မဆွ တည်ထောင်ခဲ့တဲ့ မြောင်းမြက ပဇ္ဇောတာရုံတိုက် ဆိုတဲ့ စာသင်တိုက်ကြီးဆိုရင် အောက်မြန်မာ နိုင်ငံ သာသနာမှာ အလွန်ထင်ရှားတဲ့ စာသင်တိုက်ကြီး ဖြစ်ခဲ့ပါတယ်။ အဲဒီနောက်လည်း ပဇ္ဇောတာရုံတိုက်သစ်မှစပြီး ရန်ကုန် မဟာဗောဓိတိုက်အပါအ၀င် စာသင်တိုက်တွေ တတိုက်ပြီးတတိုက် တည်ထောင်ဖွင့်လှစ်ပေးနိုင်ခဲ့တဲ့ ဆရာတော်ကြီးပါ။ အခုလို တတိုက်ပြီး တတိုက် ဖွင့်လှစ်ဖို့ မပြောထားပါနဲ့ စာသင်တိုက် တတိုက်ကို အောင်အောင်မြင်မြင် ဖြစ်အောင် ဖွင့်လှစ်နိုင်တယ်ဆိုတာကိုက နည်းတဲ့စွမ်းအား သတ္တိမဟုတ်ပါဘူး။ မြောင်းမြဆရာတော်က ဗုဒ္ဓသာသနာ နေလို လလို ထွန်းပစေလိုရင်၊ တည်တံ့ခိုင်မြဲစေလိုရင် ပရိယတ္တိ စာသင်တိုက်ကြီးတွေ ခြေခြေမြစ်မြစ် ခိုင်ခိုင်မာမာ ရှိမှ၊ စာပေတွေကို ပို့ချပေးနိုင်မှ ဖြစ်တယ်။ သာသနာမှာ ပရိယတ္တိက အခြေခံ၊ ပရိယတ္တိရှိမှ ပဋိပတ္တိသာသနာ မှန်ကန်စွာ ဖြစ်ပေါ်လာနိုင် တာလို့ ခံယူပါတယ်။ ဒါ့ကြောင့် ဆရာတော့် တသက်မှာ စာသင်တိုက်ကြီးများ ဖြစ်အောင် တည်ထောင်တယ်။ စာပေကိုလည်း ပို့ချတယ်။ ငယ်ရွယ်စဉ်ကစပြီး သက်တော် ၈၅ အထိ ရန်ကုန် မဟာဗောဓိမှာ စာချတုန်း၊ နောက်ဆုံး စာဝါဟာ ၀ိနည်းပါဠိတော်ကို ချတော်မူသွားတာပါတဲ့။
စာသင်တိုက် တတိုက်ကို တည်ထောင်တဲ့အခါ ဆရာတော် ကိုင်စွဲတဲ့ဝါဒက "နေနည်းရှေးကျပြီး၊ သင်နည်းခေတ်မီ " ရမယ်ဆိုတဲ့ ၀ါဒပါတဲ့။
စာသင်တိုက်မှာ စာသင်သားတွေ အနေအထိုင်နဲ့ ပတ်သက်လို့ ၀ိနည်းတော်ကို အစွမ်းကုန် လေးစားလိုက်နာစေတယ်။ ဆရာတော်ကိုယ်တိုင်က စံပြအဖြစ်နဲ့ နေထိုင်ပြသ ရုံမက ကြက်ကောင်းကြိုးမကွာရစေသလို စာသင်သားတွေကို အမြဲတမ်းစောင့်ကြပ် ကြည့်ရှုဆုံးမမှု အောက်မှာ ထားရှိတယ်။ ၀ိနည်းဆိုတာ သာသနာရဲ့ အသက်၊ ၀ိနည်းတည်မှ သာသနာတည်တယ်ဆိုတဲ့ အဌကထာ စကားကိုလည်း ဆောင်ပုဒ်ကြီးအဖြစ် မြဲမြဲကြီး ကိုင်စွဲထားပြီး ရွှေကျင်ကျောင်းတိုက်တိုင်း ပြုလုပ်တဲ့ ၀ိနည်းစာပြန်ပွဲများကိုလည်း မှန်မှန်ကြီး ကျင်းပ ပေးတော်မူတာပါ။
ဆရာတော် တစုံတခုကို ဆိုဆုံးမတယ်ဆိုရင်လည်း ရွှေကျင်ဆရာတော်ကြီးက ဘယ်ကိစ္စမှာ ဘယ်လိုမိန့်တာ၊ ပဌမ ၀ိသုဒ္ဓါရုံဆရာတော်ကြီးက ဘယ်လို မိန့်ကြားဖူးတာ စသဖြင့် ရွှေကျင်ဆရာတော်ကြီးတွေရဲ့ နေနည်း ထိုင်နည်း ကျင့်သုံးနည်း သုံးသပ်ခံယူနည်း တွေကိုသာ အခါခပ်သိမ်း တလေးတစား မိန့်ကြားတော်မူလေ့ ရှိတာပါ။
ဒါကြောင့် ရွှေကျင်သံဃာများ အားလုံးက "မြောင်းမြဆရာတော်ဘုရားကြီးဟာ ဂိုဏ်းစိတ် ဂိုဏ်းသွေး၊ အလွန်မြင့်မားထက်သန်တယ်၊ ရွှေကျင်ဂိုဏ်းကြီး တိုးတက်စည်ကား ပြန့်ပွါးမှုကို သိပ်လိုလားတယ်" လို့ ချီးကျူးတာ ရှိကြပါတယ်။ ပြီးတော့ ဆရာတော်ရဲ့ ပရိယတ္တိ အရည်အသွေးနဲ့ ပတ်သက်လို့လည်း မြောင်းမြဆရာတော်ဟာ "ပညာလည်းနက်တယ်၊ အမှတ်သညာ ဘက်စုံလည်း ထက်မြက်တယ်" လို့ မိန့်ကြားတတ်ကြပါတယ်။
ဆရာတော်ကြီးက စာသင်တိုက်ကြီးတွေ တည်ထောင်ဖွင့်လှစ်တဲ့အခါ ဆရာတော်ကြီး ကိုယ်တိုင် ငယ်ရွယ်စဉ်က တပင်တပန်း သင်ကြားခဲ့ရတဲ့ စနစ်နဲ့ ပတ်သက်ပြီး စာသင်သားအဖို့ ဆင်းရဲလွန်းတယ်၊ ဒိထက်ကောင်းတဲ့ ပညာသင်နည်းများ ရှိသင့်တယ်လို့ ယူဆပြီး တိုင်းတပါးကို ကြွရောက်ပညာယူတဲ့အခါမှာ အဲဒီက နည်းကောင်းလမ်းကောင်းတွေကို အတုယူတော်မူလာခဲ့တယ်။ မြန်မာနိုင်ငံမှာ ကိုယ်တော်တိုင် စာသင်တိုက်ကြီးတွေ ဖွင့်လှစ်တဲ့အခါမှာ အာဂုံဆောင် အလွတ်ကျက်မှတ်ရတဲ့ အပင်ပန်းဆုံး ပညာသင်နည်းထက် သက်သာလွယ်ကူပြီး သဘောပေါက်စေတဲ့နည်းကို အသုံးပြု သင်ကြားပေးပါတယ်။
မြန်မာနိုင်ငံက ဘုန်းတော်ကြီးများ စာသင်ကြားနည်းဟာ သိပ်ရှေးကျနေပြီး အလွတ်ကျက်နည်းဟာ ခေတ်မမှီတော့ဘူးဆိုတာကို ဝေဖန်လေ့လာမှုများ ရှိသင့်သလောက် ရှိခဲ့ပေမယ့် ဒီနည်းကို စွန့်လွှတ်ပြီး သက်သာတဲ့နည်းနဲ့ ပြုပြင်သင်ကြားပို့ချပေးမယ့် ပုဂ္ဂိုလ်များက နည်းပါးပါတယ်။ အဲဒီနည်းပါးတဲ့အထဲမှာ ဆရာတော်ကတော့ အကြိမ်ကြိမ် ကြေညာပြီး ခေတ်မီနည်းနဲ့ သင်ပေးခဲ့တဲ့ ပုဂ္ဂိုလ်ကြီးပါ။
ဆရာတော်က ငယ်၊ လတ်၊ ကြီး၊ ပထမပြန် စတဲ့ စာမေးပွဲကို စာတတ်တဲ့ အမှတ်အသားရယ်လို့ လက်မခံပါ။ နို့ပေမယ့် ဒကာ ဒကာမနဲ့တကွ အများရဲ့သဘောကို မလွန်ဆန်နိုင်သောအားဖြင့် ကျောင်းတိုက်တွင်းက သံဃာများကို စာမေးပွဲများမှာ ဖြေခွင့်ပေးခဲ့ပါတယ်။ ပေးပေမယ့် စာမေးပွဲအောင်လို့ စာတတ်တယ် မသတ်မှတ်ဘူး။ စာတကယ်တတ်ချင်ရင် အနက်အဓိပ္ပါယ်နဲ့တကွ သဘောရောက်အောင် ကြည့်ကြရမယ်၊ သဘောရောက်မှုအလိုက် ကျင့်ကြံအားထုတ်မှုများလည်း ရှိရမယ်လို့ ဆိုဆုံးမတော်မူတဲ့ ပုဂ္ဂိုလ်ပါ။
သက်တော်ရှည် စံကင်းဆရာတော်ကြီး ရွှေကျင်ဂိုဏ်းကြီးရဲ့ န၀မမြောက် ရွှေကျင်သာသနာပိုင် ဖြစ်တော်မူလာတဲ့အခါ မြောင်းမြဆရာတော်ကို တပါးတည်းသာ ခန့်အပ်တဲ့ ဥပဥက္ကဌ (ဒုတိယသာသနာပိုင်)နဲ့ ဂိုဏ်းလုံးဝန်ဆောင် ဆရာတော်အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရတယ်။ ဒါကြောင့် စံကင်းဆရာတော်ဘုရားကြီးရဲ့ လက်အောက်မှာ ၁၃၁၄ ခုနှစ်ကစပြီး ၁၃၃၄ ခုနှစ်အထိ ၂၁ နှစ်လုံးလုံး ရွှေကျင်ဂိုဏ်းကြီးရဲ့ တည်တံ့ရေး၊ ကြီးပွါးရေးများကို ရွက်ဆောင်တော်မူခဲ့တယ်။
ကျေးဇူးရှင် စံကင်းဆရာတော်ကြီး ၁၃၃၄ ခုနှစ်မှာ ပျံလွန်တော်မူတော့ ၁၃၃၇ ခုနှစ်ထိ ရွှေကျင်ဂိုဏ်းကြီးရဲ့ ဒသမ သာသနာပိုင်အဖြစ် ရွှေကျင်နိကာယဥက္ကဌ ဓမ္မသေနာပတိ ပထမသာသနာပိုင်အဖြစ်နဲ့ အသက်ထက်ဆုံး ရွက်ဆောင်သွားတော်မူခဲ့ပါတယ်။ မြောင်းမြ ဆရာတော်ဘုရားကြီးကတော့ အသက်ထင်ရှားမရှိတော့ပါဘူး။ ဒါပေမယ့် ဆရာတော်ရဲ့ ဂုဏ်သတင်းကတော့ တနေ့တခြား ထွန်းလင်းလို့သာနေမှာ ဖြစ်ပါတယ်။

လူထုဒေါ်အမာ။
[၁၉၉၄ ခု၊ ဖေဖော်ဝါရီလ၊ ပထမအကြိမ်၊ ကြီးပွါးရေးစာအုပ်တိုက်ထုတ် လူထုဒေါ်အမာ ရေး- 'သာသနာ့တန်ဆောင် ဆရာတော်ကြီးများ' စာအုပ်မှ ကူးယူဖော်ပြပါတယ်]

0 comments:

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP