မင်္ဂလာရောင်ခြည်-ဗုဒ္ဓ၀င်ရုပ်စုံ [အခန်းစဉ် ၁၈၊ ၁၉၊ ၂၀၊ ၂၁]

Tuesday, March 24, 2009




၁၈။ ပဉ္စ၀ဂ္ဂီ ငါးဦး
ဘုရားလောင်းသည် ဥရုဝေလတောသို့ ရောက်သောအခါ ထိုတောမှာပင်နေ၍ ဒုက္ကရစရိယာအကျင့်ကို ကျင့်သည်။
မကြာမီ ပရိဗိုဇ်ရဟန်းငါးပါး ရောက်လာကြသည်။ သူတို့မှာ ရှင်ကောဏ္ဍည၊ ရှင်ဝပ္ပ၊ ရှင်ဘဒ္ဒိယ၊ ရှင်မဟာနာမ်၊ ရှင်အဿဇိတို့ ဖြစ်ကြသည်။ (ရှင်ကောဏ္ဍညမှာ ဘုရားလောင်း ဖွားမြင်စက လက္ခဏာဖတ်ကြသော ပုဏ္ဏားရှစ်ယောက်အနက် 'မုချဘုရားဖြစ်လိမ့်မည်' ဟုဟောခဲ့သော ပုဏ္ဏားငယ်ဖြစ်သည်။ ပရိဗိုဇ်လေးဦးမှာ ကျန်လက္ခဏာဖတ် ပုဏ္ဏားများ၏ သားများ ဖြစ်ကြသည်။)
သူတို့သည် ဘုရားလောင်းတောထွက်ကြောင်း ကြားသဖြင့် လိုက်လာခြင်းဖြစ်သည်။ ထို့နောက် ၀တ်ကြီးဝတ်ငယ် ပြုစုနေကြသည်။


18. Groups of five (hermits).
Bodhisat arrived at Uruvela forest and residing there practised arduous practices. Not long after, five hermits viz; Reverend Kondannya, Vappa, Bhaddiya, Mahanama and Assaji came to the Bodhisat. (Rev. Kondannya was the young brahmin out of the eight brahmins who foretold the future of Bodhisat, and he was the one who foretold the future of Bodhisat to become Buddha certainly. The remaining four hermits were the sons of other future telling brahmins.)
Hearing the retirement of Bodhisat they came after him and stayed administering filial duties of the Bodhisat.


၁၉။ ဒုက္ကရစရိယာအကျင့်
ဘုရားလောင်းသည် အစာအဟာရကို တစတစဖြတ်ကာ ပြင်းထန်စွာ တရားကျင့် သည်။ ထိုအခါ စိုပြေ၀င်းဝါသော အဆင်းတော်သည် ညိုမည်းခြောက်သွေ့လာသည်။ အရိုးနှင့်အရေသာ ကျန်တော့သည်။
တနေ့တွင် အားပြတ်ကာ မိန်းမော၍ လဲကျသွားရှာသည်။
ပြန်လည်သတိရသော် နေရာမှထကာ မိမိအဖြစ်ကို ဆင်ခြင်သုံးသပ်ကြည့်သည်။
"ခြောက်နှစ်ကြာမျှ ကျင့်ခဲ့သော ဒုက္ကရစရိယာအကျင့်ဖြင့် တရားထူး ရနိုင်မည်မဟုတ်"


19. Arduous practice (dukkara cariya).
Bodhisat diminished partaking of the food bit by bit and practised vigorously. Thereupon golden complexion of Bodhisat became dried and dark. Only bones and skin remained.
One day He became very weak and fell down in a swoon. After regaining consciousness He got up and pondered over His condition "Practising the arduous practice for six years is not capable to obtain the noble truth (dhamma)."


၂၀။ မဇ္ဈိမပဋိပဒါလမ်းဖြင့်
ဘုရားလောင်းသည် အလျော့အတင်းမရှိ တရားအားထုတ်နိုင်ရန် ဆွမ်းအဟာရများကို ပြန်မှီဝဲသည်။ ထိုအခါ ပဉ္စ၀ဂ္ဂီငါးဦးတို့သည်-
"သိဒ္ဓတ္ထကား တရားအားထုတ်မှု လျော့ပါးသွားချေပြီ" ဟု ဆိုကြသည်။ ဘုရားလောင်း ကို စွန့်ခွါ၍ မိဂဒါဝုန်တောသို့ ပြောင်းသွားကြသည်။
ဘုရားလောင်းသည် ကိုယ်ခန္ဓာတောင့်တင်းလာသောအခါ 'မဇ္ဈိမပဋိပဒါ' ဟူသော အလယ်အလတ်လမ်းဖြင့် သမာဓိနှင့် ၀ိရိယကို မျှတအောင်ပြု၍ တရားအားထုတ်သည်။


20. Middle Path
To enable to practise moderately Bodhisat began to partake the meals again. Then Group of five hermits saying "Siddhattha has lessened the practices" forsook him and went to Migadaya forest. Bodhist becoming stout and healthy practised by means of the middle way keeping energy and concentration (of the mind) evenly.


၂၁။ သုဇာတာ ဃနာနို့ဆွမ်း
ထို့နောက် ကဆုန်လပြည့်နေ့ နံနက်စောစောတွင် ညောင်ပင်အောက်၌ ထိုင်နေတော် မူသည်။ ထိုစဉ် သူဌေးသမီး သုဇာတာက မိမိကို သားဆုပေးသော ကျေးဇူးရှင်နတ်မင်းဟု မှတ်ထင်လျက် ရွှေခွက်ဖြင့် ထည့်ထားသော နို့ဃနာဆွမ်းကို ကပ်လှူသည်။
ဘုရားလောင်းသည် ထိုဆွမ်းကို နေရဉ္စရာမြစ်ကမ်း၌ ဘုဉ်းပေးတော် မူသည်။ ထို့နောက်- "ငါသည် ယနေ့ ဘုရားဖြစ်မည်မှန်ပါက ဤရွှေခွက်သည် ရေညာသို့ ဆန်ပါစေသား" ဟုဆိုကာ မျှောလိုက်သည်။ ရွှေခွက်သည် ရေညာသို့ ဆန်တက်သွားလေသည်။


21. Milk broth of Sujata.
On the full moon day of the month Kason, early in the morning Bodhisat sat under the banyan tree. Therein, the rich man's daughter Sujata thinking the Bodhisat to be the benefactor god who bestowed her with a son, offered milk broth to Him.
Bodhisat partook that meal' on the bank of river Neranjara. Then saying, "If it is true that I will become the Enlightened One this very day, may this golden bowl go against the stream." He sat it adrift in the stream. The golden bowl against the stream (up stream).

အပြည့်အစုံသို့>>>

မင်္ဂလာရောင်ခြည်-ဗုဒ္ဓ၀င်ရုပ်စုံ [အခန်းစဉ် ၁၄၊ ၁၅၊ ၁၆၊ ၁၇]

Monday, March 23, 2009

၁၄။ တောထွက်ခန်း
ထို့နောက် သိဒ္ဓတ္ထမင်းသည် တညလုံး ခရီးပြင်းနှင်လာခဲ့သည်။ နောက်ဆုံးတွင် အနော်မာမြစ်၏ တဖက်ကမ်းသို့ ရောက်လာသည်။
ထိုနေရာတွင် ဆံတော်ကိုပယ်၍ ရဟန်းအဖြစ် ခံယူသည်။

"အမောင်ဆန္ဒ၊ ပြန်လော့။ ခမည်းတော်၊ မယ်တော်နှင့် ယသော်ဓရာတို့ကို အကျိုးအကြောင်း သံတော်ဦးတင်လော့" ဟုဆိုကာ ဆန္ဒအမတ်နှင့် မြင်းတော်ကို ပြန်လွှတ် သည်။

14. Renunciation.
Then Prince Siddhattha traveled rigorously without rest throughout the night and last reached the bank of River Anoma.
At that place (bank of the river Anoma) He cut off his hair and transformed himself into a monk.
Telling Channa, "Friends Channa! go back and tell my father, mother and wife Yasodhara all these facts," let Channa return to the city together with the horse.


၁၅။ ရဟန်းဘဝ
ရဟန်းဘ၀သို့ ရောက်လာပြီဖြစ်သော ဘုရားလောင်းသည် အနုပီယသရက်တော၌ ခုနစရက် နေတော်မူသည်။
ရှစ်ရက်မြောက်သောနေ့တွင် ထိုအရပ်မှ ထွက်ခွါလာရာ ရာဇဂြိုဟ်သို့ ရောက်လာ သည်။ မြို့တွင်းသို့ ၀င်ကာ အိမ်စဉ်တလျှောက် လှည့်၍ ဆွမ်းခံသည်။ ထူးခြားသော ရုပ်သွင်ကြောင့် တမြို့လုံး အုတ်အုတ်ကျက်ကျက် ဖြစ်ကြသည်။ အမျိုးမျိုး ထင်မြင် ပြောဆိုကြသည်။
ရာဇဂြိုဟ်ပြည့်ရှင် ဗိမ္ဗိသာရမင်းကြီးလည်း နန်းတော်ပေါ်မှ လှမ်းမျှော်ကြည့်ရှုပြီးလျှင် မင်းချင်းတို့ကို လိုက်လံစုံစမ်းစေသည်။
"အချင်းတို့ လိုက်လံကြည့်ကြ။ မြို့ပြင်သို့ ရောက်ပါက နတ်ဖြစ်လျင် ကောင်းကင်သို့ ပျံတက်လိမ့်မည်။ နဂါးဖြစ်လျင် မြေထဲသို့ ငုတ်လျှိုးသွားလိမ့်မည်။ လူဖြစ်လျှင် ရသမျှဆွမ်းကို သုံးဆောင်လိမ့်မည်။"

15. Monkhood.
The Bodhisat making himself into a monk, resided at the Anupiya mango forest for seven days.
On the eight day He departed from thet place and going forth reached Rajagaha city. Entering the city He went round the city accepting offerings of food from the houses in traditional order. Because of his extraordinary looks and personality the whole city was in an auproarous state and the citizens talked about him with various opinions.
King Bimbisara, king of Rajagaha looking out from the palace let his attendents enquire about him. "Oh attendants! follow him and look what he dose; if he is a celestial being will ascend to the sky; if he is a dragon he will immerge into the earth, and if he is a human being He will partake of the food received."


၁၆။ ဘုရားလောင်းနှင့် ဗိမ္ဗိသာရမင်း
ဘုရားလောင်းသည် ဆွမ်းခံပြီးသော် မြို့ပြင်သို့ထွက်၍ ပဏ္ဍ၀တောင်ရိပ်တွင် ထိုင်လျှက် ဆွမ်းစားရန် ပြင်ဆင်သည်။ သပိတ်ထဲ၌ အိမ်ပေါင်းစုံမှ လောင်းလှူလိုက်သော ဆွမ်းနှင့် ဟင်းမျိုးစုံရောလျှက် ရွံဖွယ်ဖြစ်နေသည်။ ဘုရားလောင်းအဖို့ သည်အစာမျိုးကို စားဖူးရန် မဆိုထားနှင့် မြင်မျှမမြင်စဖူး။ ထို့ကြောင့် စားမည်ပြင်လိုက်သောအခါ ပျို့အံလုမတတ် ရှိသည်။ ထို့နောက်မှ မိမိကိုယ်ကို ဆုံးမသည်။
"အချင်းသိဒ္ဓတ္ထ၊ သစ္စရာတရားကို ရှာဖွေရန် သင် တောထွက်၍ ရဟန်းပြုသည် မဟုတ်လော၊ ရဟန်းဖြစ်က သည်ဆွမ်းမျိုးကို သုံးဆောင်ရမည်။ ယခု ဘာကြောင့် ရွံ့ရှာနေရသနည်း" ဟုဆိုကာ ဘုဉ်းပေးတော်မူသည်။
မင်းချင်းတို့သည် တွေ့မြင်ရပုံ အလုံးစုံကို ဗိမ္ဗိသာရမင်းကြီးအား ပြန်လည် သံတော်ဦး တင်ကြသည်။ မင်းကြီးသည် ဘုရားလောင်းထံသွား၍ စုံစမ်းမေးမြန်းသည်။ အဖြစ်မှန်ကို သိသောအခါ အလွန်ကြည်ညိုလှသဖြင့် သူ၏ ထီးနန်းစည်းစိမ်ကို အပ်နှင်းသည်။ ဘုရားလောင်းက ငြင်းပယ်သောအခါ မင်းကြီးက-
"အရှင်မြတ်သည် ဘုရားဖြစ်တော်မူပါလိမ့်မည်။ ဘုရားအဖြစ်သို့ ရောက်သောအခါ အကျွန်ပ်၏ တိုင်းပြည်သို့ ရှေးဦးစွာ ကြွတော်မူပါ" ဟု ပန်ကြားသည်။ ဘုရားလောင်းကလည်း-
"ကောင်းပါပြီ အသင်မင်းကြီး" ဟု ၀န်ခံစကား ဆိုလိုက်သည်။

16. Bodhisat and King Bimbisara.
After receiving alms Bodhisat went put of the city, sat in the shade of Pandava mountain and prepare to partake the meal. Rice and various curries offered by numerous households, got mixed up in the alms bowl and appeared loathsome. As for the Bodhisat, He had never perceived such kind of food, let alone eat it. He felt nauseated once He got ready to eat the food. Then He admonished himself thus.
"Siddhattha! Heaven't you become a recluse and retired to the wilderness to seek for the noble truth? As a monk you have to partake such sort of food. Now why do you feel detested and nauseated?" Then He ate the meal.
Royal attendants informed all the events to King Bimbisara.The King went to the Bodhisat and enquired about him. When he knew the truth, the king revered the Bodhisat and offered his kingdom. Bodhisat refused the offer. The king requested thus, "Your reverence will become the Enlightened Buddha; when you become thus, come to my country first of all."
Bodhisat gave His promise saying, "very well your majesty!"


၁၇။ အာဠာရနှင့် ဥဒကထံသို့
ဘုရားလောင်းသည် ရာဇဂြိုဟ်ပြည်မှ ထွက်ခွါလာခဲ့သည်။ အာဠာရ ရသေ့ထံသွား၍ တရားကျင့်သည်။ အာဠာရသည် တပည့် ပရိဗိုဇ်များစွာကို တရားပြနေသော ဂိုဏ်းဆရာကြီး ဖြစ်သည်။ (ပရိဗိုဇ်ဆိုသည်မှာ သာသနာမှ အပဖြစ်သော ရဟန်းဖြစ်သည်။)
ဘုရားလောင်းသည် ကြိုးစားအားထုတ်ရာ ရက်အနည်းငယ်အတွင်းမှာပင် အာဠာရသိ သော တရားကို သိမြင်သည်။ သို့ရာတွင် မကျေနပ်။
"သည်တရားမျှဖြင့် အို၊ နာ၊ သေဘေးမှ မလွတ်မြောက်နိုင်သေး" ဟုဆိုကာ အာဠာရထံမှ ထွက်ခွါလာခဲ့သည်။
ထို့နောက် ဥဒက ရသေ့ထံသွား၍ တရားကျင့်ပြန်သည်။ အားရကျေနပ်ခြင်း မရှိပြန်။
"ဥဒက ရရှိသော တရားသည်လည်း သစ္စာတရား မဟုတ်သေး" ဟုဆိုကာ ထွက်ခွါခဲ့ပြန်သည်။


17. To Alara and Udaka.
Bodhisat departing Rajagaha went to the hermit Alara and under him practised penances. Alara was the head of the sect and was teaching many itinerant heretics. (Paribbajaka was a recluse outside of the Buddhist era.)
Bodhisat exerted vigorously and in a few days gained the knowledge attained by Alara. But He was not satisfied.
Thinking " Such doctrine cannot lead to freedom from old age, sickness and death." He departed from Alara.
Then He went to Udaka and practised the Yoga (penances.) There also He did not feel satisfied and saying "The knowledge (doctrine) gained by Udaka also is not the nobel truth", departed again.

အပြည့်အစုံသို့>>>

ဗုဒ္ဓစကား- ဗုဒ္ဓသာသနာ။ ရေးသူ- ပါရဂူ

Monday, March 2, 2009

၁။ မကောင်းမှုဟူသမျှကို မပြုလုပ်ခြင်း၊ ကုသိုလ်ကောင်းမှုကို ပွါးစည်းခြင်း၊ မိမိစိတ်ကို ဖြူစင်စွာထားခြင်း- ဤကား ဗုဒ္ဓမြတ်စွာတို့၏ အဆုံးအမ သာသနာ ဖြစ်သည်။
၂။ ဗုဒ္ဓမြတ်စွာတို့၏ အဆုံးအမသာသနာကား-
၁။ ကဲ့ရဲ့မှုကို မပြုခြင်း၊
၂။ ညှဉ်းဆဲမှုကို မပြုခြင်း၊
၃။ အကျင့်သီလကို စောင့်ထိန်းလိုက်နာခြင်း၊
၎။ အစာအဟာရကို မျှတစွာ သုံးဆောင်မှီဝဲခြင်း၊
၅။ ဆိတ်ငြိမ်ရာ၌ နေထိုင်ခြင်း၊
၆။ စိတ်နှလုံးကို တရားအားထုတ်မှု၌ မွေ့လျော်အောင် ပြုလုပ်ခြင်းများ ဖြစ်ကြ သည်။

ပါရဂူ
{'ပါရဂူ ရဲ့ ဗုဒ္ဓစကား' ဒုတိယနှိပ်ခြင်း၊ ၁၉၆၅၊ အောက်တိဘာ၊ မှ ကူးယူဖော်ပြပါတယ်။ }

အပြည့်အစုံသို့>>>

မင်္ဂလာရောင်ခြည်-ဗုဒ္ဓ၀င်ရုပ်စုံ [အခန်းစဉ် ၁၀၊ ၁၁၊ ၁၂၊ ၁၃၊ ၁၄]

Tuesday, February 17, 2009



၁၀။ သူအို၊ သူနာ
သိဒ္ဓတ္ထမင်းသည် သက်တော် ၂၈-နှစ်သို့ ရောက်သောအခါ တနေ့တွင် ဥယျာဉ်သို့ တောကစားထွက်သည်။ နတ်တို့က ဖန်ဆင်းပြသဖြင့် လမ်းခုလတ် တနေရာတွင် သူအိုကို တွေ့သည်။
"လောက၌ မွေးဖွားလာသူမှန်သမျှ အိုမင်းရမည်သာတကား" ဟူ၍ သံဝေဂရကာ နန်းတော်သို့ လှည့်ပြန်သည်။
လေးလကြာသောအခါ ဒုတိယအကြိမ် ဥယျာဉ်သို့ ထွက်ပြန်သည်။ လမ်းတွင် သူနာတယောက်ကို တွေ့သည်။
"နာခြင်းသဘောကို မည်သူမျှ မလွန်ဆန်နိုင်ပါတကား" ဟု သံဝေဂရပြန်သည်။ နန်းတော်သို့ ပြန်ခဲ့ပြန်သည်။

10. The aged and the sick.
Prince Siddhattha reached the age of twenty eight and one day he went to the royal garden for sports. On his way to the garden and at a certain place he saw an aged man who was created and shown by the gods.
"In this world who ever was born is susceptible to old age," thus becoming agitated he returned to the palace.
After four months, for the second time He went to the royal garden and on the way saw a sick person.
"No one can go against sickness," thus He again became agitated and returned to the place.

၁၁။ သူသေ၊ ရဟန်း
နောက်လေးလကြာသောအခါ သိဒ္ဓတ္ထမင်းသည် တတိယအကြိမ် ဥယျာဉ်သို့ ထွက်ပြန် သည်။ လမ်းတွင် သူသေကို တွေ့သည်။
"အိုခြင်း၊ နာခြင်း၊ သေခြင်းသဘောကို မည်သူမျှ မလွန်ဆန်နိုင်ပါတကား၊ သည်လောကတွင် အို၊ နာ၊ သေဘေးမှ လွတ်မြောက်ရာ နည်းလမ်း မရှိတော့ပြီလော။ သည်ဘေးတို့မှ ငါလွတ်မြောက်ချင်စမ်းပါဘိ" ဟုဆိုကာ နန်းတော်သို့ ပြန်ခဲ့ပြန်သည်။
နောက်လေးလကြာသောအခါ စတုတ္ထအကြိမ် ဥယျာဉ်သို့ ထွက်ပြန်သည်။ သည်အချိန်၌ကား၊ ရဟန်းတပါးကို တွေ့မြင်သည်။
"ရဟန်းအဖြစ်သည် ကောင်းမြတ်ပေစွ" ဟူ၍ ကျူးရင့်မိသည်။

11. The dead and the monk.
After the elapse of four months, Prince Siddhattha went again to the garden for the third time. On the way he encountered a dead person.
Felling much depressed and agitated He said. "No body can overcome the nature of oldness, sickness and dead. Is not there any means of escape from old age, sickness and death? I want to be free from this dangers," and returned to the palace.
After four months He again went the garden and on the way beheld a monk. Uttering praise of the monk thus, "Monkhood is noble." He went to the garden.


၁၂။ ရာဟုလာ
သိဒ္ဓတ္ထမင်းသည် ကြည်လင်ရွှင်လန်း နှစ်သက်သဖြင့် ဥယျာဉ်သို့ ဆက်သွားသည်။
"ထီးနန်းကို စွန့်၍ ငါ တောထွက်မည်။ အို၊ နာ၊ သေဘေးတို့ ငြိမ်းအေးရာ တရားကို ငါတွေ့အောင် ရှာမည်" ဟု ဥယျာဉ်ဝယ် တနေ့လုံး ကြံစည်စိတ်ကူးကာ စံပယ်နေခဲ့သည်။
ညနေချမ်းအချိန်သို့ ရောက်သောအခါတွင်မှ နန်းတော်သို့ ပြန်ရန် ရထားထက်သို့ တက်သည်။ ထိုစဉ် မင်းချင်းတယောက် ရောက်လာ၍-
"အရှင့်သား၊ ယသော်ဓရာမိဖုရားတွင် သားတော်ကလေး ဖွားမြင်ပါသည်" ဟူ၍ လျှောက်ထားလေသည်။
သည်တွင် မိမိအကြံကို သားတော်ကလေး နှောင့်ယှက်တော့မည် ဟူသော အဓိပ္ပါယ်ဖြင့် ရုတ်တရက် ဆိုလိုက်သည်။
"ရာဟုဖမ်းပြီ။ အနှောင်အဖွဲ့ ဖြစ်ပြီ"
ထိုစကားကိုယူ၍ သားတော်ကလေးကို 'ရာဟုလာ' ဟု အမည်ပေးလေသည်။

12. Rahula.
King Siddhattha feeling pleased and joyful proceeded to the garden.
Contemplating for the whole day thus, "After relinguishing the sovereignty I shall retire (to the forest) and shall seek for the tranquil doctrine (dhamma) which is free from old age, sickness and death," He stayed in the garden.
In the evening as the King mounted the royal carriage to return to the palace, a person of the King's Service arrived and told the King, "Your majesty! Queen Yasodhara has given birth to a son."
On hearing the news, thinking "This little son will hinder my intention" He uttered immediately thus, "Rahu has seized ; bondage is produced."
With regard to this utlerance, the young son was named "Rahula."


၁၃။ တရေးနိုးသော်
ထိုနေ့ညတွင် အခါတိုင်းကဲ့သို့ပင် နန်းတွင်းသူများက အတီး၊ အမှုတ်၊ အဆို၊ အကတို့ဖြင့် သိဒ္ဓတ္ထမင်းကို ဖျော်ဖြေကြသည်။
သိဒ္ဓတ္ထမင်းသည် ရှေးကကဲ့သို့ ပျော်ရွှင်နှစ်သိမ့်ခြင်း မရှိဘဲ၊ မကြာမီ စက်ပျော် သွားသည်။ နန်းတွင်းသူများလည်း တီးမှုတ်ကခုန်ခြင်းကို ရပ်ကာ ထိုနေရာမှာပင် အိပ်စက်ကြသည်။
သိဒတ္ထမင်းသည် သန်းခေါင်ချိန်လောက်တွင် တရေးနိုးသဖြင့် အိပ်ရာမှ ထကြည့်သည်။ နန်းတွင်သူများ ဖရိုဖရဲ အိပ်နေကြပုံကို စိတ်ပျက်ဖွယ် တွေ့မြင်ရသည်။ နန်းတော်ကြီးတခုလုံးကို သုသန် တစပြင်ပမာ ထင်မှတ်လာသည်။
'ယခုညပင် တောထွက်တော့မည်' ဟု ဆုံးဖြတ်လိုက်သည်။ ဆန္ဒအမတ်ကို သွား၍နှိုးကာ-
"အမောင်ဆန္ဒ၊ သည်ညပင် ငါ တောထွက်တော့မည်။ ငါ့အတွက် ကဏ္ဍကမြင်းတော်ကို ပြင်ချေ" ဟု မိန့်တော်မူသည်။
ဆန္ဒအမတ် မြင်းပြင်နေစဉ် သိဒ္ဓတ္ထသည် သားတော်ရာဟုလာကို ရှုမြင်လိုစိတ် ဖြစ်ပေါ်လာသည်။ ယသော်ဓရာ၏ တိုက်ခန်းဆောင်တံခါဝသို့ ကြွလှမ်း၍ ကြည့်ရှု၏။

13. Wake up from sleep at midnight.
That night the royal dancers entertained Prince Sidhattha as before with songs, music and dances.
Prince Siddhattha not enjoying the entertainments as before, went to sleep in the moment. Female attendants also stopped their music and dances and slept there and then.
Prince Siddhattha woke up in the middle of the night and getting up looked around. He saw the court attendants sleeping in disarray and felt disgusted. The entire palace appeared to be cemetery.
He made up his mind to retire that very night. A wakening the minister Channa, He gave orders thus, "Channa! I shall renounce the world this very night; so saddle the horse Kandaka for me."
While Channa was making the horse ready, Prince Siddhattha desired to look at his son. So He went towards the door of Yasodhara's chamber and looked at his son.

အပြည့်အစုံသို့>>>

"ဘုန်းဘုန်း တာ့တာ"။ ရေးသူ- ဒေါ်အမာ

Thursday, January 29, 2009


ဒီခေါင်းစဉ်ကို ဖတ်လိုက်တော့ ဆရာတော်၊ သံဃာတော်များက ဒေါ်အမာလည်း ခင်ပွန်းအနိစ္စရောက်တာနဲ့ စိတ်များ ကတောက်ကတက် ဖြစ်နေရှာထင်ပါရဲ့လို့ ကျွန်မကို သနားနေကြမလား မသိပါ။
"ဘုန်းဘုန်း တာ့-တာ" ဆိုတဲ့အသံမျိုး မကြာမကြာ ကြားရလွန်းလို့ နားကလောတာနဲ့ ဒီခေါင်းကို တပ်လိုက်မိတာပါ။ ကျွန်မတို့ဆီမှာ ကလေးငယ်တွေကို လူကြီးမိဘတွေက ဘယ်သူပြန်ခါနီးမှာပဲ ဖြစ်ဖြစ် "တာ့-တာ" လို့ နှုတ်ဆက်လိုက်ဆိုပြီး လက်ပြခိုင်းနေကြပါတယ်။
မြို့ပေါ်တင်လားဆိုတော့လည်း မဟုတ်သေးဘူး။ ဒီ တာ့-တာက တောကြိုအုံကြားအထိ ပျံ့နှံ့ဆင်းသက်လို့ နေပါတယ်။
ဒါကို ထောက်ခြင်းအားဖြင့် ကျွန်မတို့မှာ ပြန်ခါနီးနှုတ်ဆက်စကား တခု မရှိမဖြစ်၊ အပူတပြင်း လိုအပ်နေတဲ့ပုံပါပဲ။ လိုသမှ မဟားဒယားမို့ ကိုယ့်မှာလည်း မရှိလေတော့ သူများဟာကို အတင်းဆွဲယူသုံးထားရတဲ့ သဘောမျိုး ဖြစ်နေပါပြီ။
"တာ့-တာ" ဆိုတာ ဘယ်လူမျိုးက သုံးစွဲတဲ့ စကား၊ ဘာအဓိပ္ပါယ်ရှိတယ်ဆိုတာကို ဇစ်ဇစ်မြစ်မြစ် သိကြတာလဲ မဟုတ်ပါဘူး။ နို့ပေမယ့် လက်ကလေးလှုပ်ပြပြီး တွေ့ကရာလူကို "တာ့-တာ" နေကြပါတယ်။ တချို့ကများ ကဲသထက်ကဲပြီး "ဘိုင့်ဘိုင်- တာ့တာ-ချဲရီးယို" အထိ လုပ်နေကြလေရဲ့။
ကျွန်မတို့ ငယ်ငယ်တုန်းကတော့ အိမ်တအိမ်က ပြန်တော့မယ်ဆိုရင် အမေကသင်တာ လူကြီးတွေကို "ဦးတင်ပါသေးရဲ့" လို့ ပြောပြီး နှုတ်ဆက်ခဲ့ရမယ်တဲ့။ နည်းနည်းကြီးလာတော့ "ကျွန်မကို ခွင့်ပြုပါဦး" လို့ နှုတ်ဆက်ခဲ့ရတယ်။ နောက်တော်တော်ကြီးလာပြန်တော့ "ပြန်ပါဦးမယ်နော်" လို့ ပြောရတယ်။ ဒါ မြန်မာ့ နှုတ်ဆက်နည်း ဖြစ်မှာပါပဲ။ ခုခေတ်လို လက်ကလေးပြပြီး "တာ့-တာ" လို့ ဆိုမိရင် အမေက လက်များ ပုတ်ချမလား မသိဘူး။ ပြီးတော့ "ဘာလဲ ညည်းတို့စကားက တာတယ်ဆိုတာ ကောင်းမှတ်လို့ လူထဲသုံးနေရတာလား" လို့ ငေါက်မှာ အမှန်ပါပဲ။
မြန်မာစကားက လူပေါ်စ အဆင့်မျိုး မဟုတ်ပါဘူး။ ကြွယ်ဝပါတယ်။ ဝေါဟာရ မဆင်းရဲပါဘူး။ လူကြည့်ပြီး အသက်နဲ့အလိုက် ဂုဏ်သိက္ခာနဲ့အလိုက် သုံးနှုန်းပြောဆိုရတဲ့ စကားမျိုးပါ။ ဒီလိုယဉ်ကျေးမှုဟာ လူမျိုးတိုင်းမှာတောင် မရှိပါဘူး။ လူ့ယဉ်ကျေးမှု သမနိ ရှည်လှတယ်ဆိုတဲ့ တရုတ်တို့လို လူမျိုး အချို့ မှာသာ ရှိတာပါ။
အဖေလုပ်တဲ့ လူအပေါ်ကို ကိုယ်ဘယ်လောက်ကြီး မကျေလည်ပေမယ့် "မင်းကလဲကွာ" လို့ မြန်မာစကားက ပြောလို့ မရပါဘူး။ "ခင်ဗျားကြီးကလဲဗျာ" လို့ ပြောမိရင်တောင် "အဖေကို ခင်ဗျားလုံးကြီး ရိုက်ပြောတာ ရိုင်းလိုက်တာ" လို့ ဆိုပါသေးတယ်။ "ယူကလဲ ဂွကျလိုက်တာ" လို့ ပြောချင်လို့လဲ မဖြစ်ပါဘူး။ "အဖေကလဲ အဖေရာ" ဆိုတာမျိုးကို အလွန်ဆုံးပြောရတာပါ။ မြန်မာမှာ ကိုယ်က ပြောချင်တဲ့လူနဲ့ တန်ရာဝေါဟာရကို ရွေးပြီး သုံးစွဲရပါတယ်။ ဒါဟာ မြန်မာ့ယဉ်ကျေးမှုပဲ။
ခုတော့ ရည်းစားလည်း "တာ့-တာ"၊ သူငယ်ချင်းလည်း "တာ့-တာ"၊ ဘုန်းကြီးရဟန်း လည်း "တာ့-တာ" တဲ့။ ဘယ်လိုများ ဖြစ်နေကြတယ် မသိပါဘူး။
ကျွန်မတို့ မိုးကုတ်သွားလည်ကြတော့ မိတ်ဆွေတွေကို ပြန်ပါ့မယ်လို့ နှုတ်ဆက်တဲ့အခါ အိမ်တိုင်းက ပြန်နှုတ်ဆက်တဲ့စကားက "ဖြည်းဖြည်း ပြန်ပါရှင်" တဲ့။ ဒါဟာ ပြန်ခါနီး လူကို မိုးကုတ်က နှုတ်ဆက်တဲ့ စကားပါ။ မိုးကုတ်မှာ လမ်းတွေက မြေပြင်လမ်း မဟုတ်ဘူး။ အတက်အဆင်း၊ အကွေ့အကောက်တွေ၊ ကားနဲ့ ခရီးသွားရတာ။ ကားအမြန်မောင်းရင် အသက်အန္တရာယ်နဲ့ တွေ့ရတာ၊ တွေ့ပေါင်းလည်း မရေမတွက်နိုင်ဘူး။ ဒါကြောင့် သူတို့ဆီမှာ ခွဲခါနီး နှုတ်ဆက်တဲ့ လူတိုင်းကို "ဖြည်းဖြည်းပဲပြန်ပါ" လို့ နှုတ်ဆက်မှာ မှာတာထင်ပါရဲ့။ မေတ္တာ စေတနာ ကရုဏာအပြည့်နဲ့ နှုတ်ဆက်လိုက်တဲ့ စကားမို့ ကြားရသူရဲ့ နားထဲမှာ ချမ်းမြေ့ကြည်နူး လိုက်တာ။ "တာ့-တာ" နဲ့ မကွာလား။
မြန်မာမှာ နှုတ်ဆက်စကားတွေ ကြွယ်ကြွယ်၀၀ ရှိပြီးသားပါ။

လူထုဒေါ်အမာ။
သောင်းပြောင်းထွေလာမဂ္ဂဇင်း၊ တွဲ ၁၈၊ အမှတ် ၈၊ ၁၉၈၃ ဧပြီ။

အပြည့်အစုံသို့>>>

စကားပီ နားကြား ရှိတယ်မဟုတ်လား။ ရေးသူ- လူထုဒေါ်အမာ

တနေ့က ဆရာတော်ကြီးတပါးကို အိမ်မှာ ဆွမ်းကပ်နေတုန်း ဧည့်သည်လာတယ်ဆိုလို့ ထွက်တွေ့တော့ ဧည့်သည်က ရန်ကုန်က အမေတို့ မိတ်ဆွေများရဲ့ မြေးကလေး မောင်နှမ ဖြစ်နေတယ်။ ဒါနဲ့ အမေက ဘယ်တုန်းက လာကြသလဲ၊ ဘယ်မှာတည်းသလဲ မေးရင်း "အဘွား ဆရာတော်ကြီး... ကို ဆွမ်းကပ်နေတယ်၊ ကြုံတုန်း ဆရာတော်ကို ဖူးသွားကြ၊ ၀င်ကန်တော့ကြ" လို့ ခေါ်တော့ မိန်းကလေးက "တော်ပြီအဘွား" တဲ့။ "ဟဲ့၊ ဘာလို့တုန်း" လို့ တအံ့တသြ ပြန်မေးမိတော့ "ဘုန်းကြီးနဲ့ စကားမပြောတတ်လို့" တဲ့ ရယ်လို့။

ဒီစကားကို ဒီကလေးမလေးက ရှက်ကိုးရှက်ကန်း ပြောတာလည်း မဟုတ်ပါဘူး၊ ရိုးရိုးအေးအေးပဲ ထမင်းစားရေသောက်လို ပြန်ပြောလိုက်တာပါ။ ကြားရတဲ့ အမေ့အဖို့သာ "သြော် ကလေးတွေ ဒီလို ဖြစ်နေပြီကိုး" လို့ အောက်မေ့ပြီး စိတ်မကောင်းမိတာပါ။ ဒီကလေးမက ဒီလိုပြောတော့ သူ့အစ်ကိုလုပ်သူက ရယ်နေပါတယ်။
အမေလည်း ဆရာတော်ကြီး ဆွမ်းကပ်ရင်းတန်းလန်းမို့ သမီးများနဲ့ စကားပြောနေကြဦး ဆိုပြီး ဆရာတော်ကြီးဆီ ပြန်ဝင်လာခဲ့တယ်။
ဆရာတော်ကြီး ပြန်ကြွသွားတော့မှ သူတို့မောင်နှမကို ခေါ်တွေ့တော့ အကြောင်းကိစ္စ ထူးထူးထွေထွေ မရှိပါဘူး၊ မန္တလေးရောက်ရင် အမေ့ကို ၀င်ဖြစ်အောင် ၀င်ကန်တော့ခဲ့၊ တွေ့ခဲ့။ မာကြောင်းသာကြောင်း မေးခဲ့၊ မ၀င်ဘဲမနေနဲ့လို့ သူတို့အဖိုးအဖွားများက မှာလိုက်လို့ ၀င်လာတာတဲ့။ ၀ယ်လာတဲ့ ကိတ်မုန့်တွေ၊ အဘွားစားဖို့ ယူလာရင်း ၀င်တွေ့ကြတာတဲ့လေ။
သူတို့ မိဘ၊ သူတို့ အဘိုးအဘွားက အမေနဲ့ ဦးလှတို့နဲ့ ခင်မင်ရင်းနှီးကြပါတယ်။ ဒါကြောင့် မန္တလေးရောက်တဲ့အခါ အမေ့ကျန်းမာရေး သိရအောင် ၀င်တွေ့ကြဖို့ ဆက်ဆက် မှာလိုက်လို့တဲ့။
ဘုန်းကြီးနဲ့ စကားမပြောတတ်လို့ဆိုတဲ့ ကလေးမက ဒေါက်ဖိနပ်အမြင့်ကလေးနဲ့။ ခုပေါ်နေတယ်ဆိုတဲ့ ပြန့်ထဘီကလေးနဲ့။ လက်ဝတ်လက်စားတွေကလည်း အမျိုးမျိုး ၀တ်စားထားရဲ့။ သူ့နှမက ဘုန်းကြီးနဲ့ စကားမပြောတတ်ဘူးဆိုတာကို ရယ်နေတဲ့အစ်ကို ကလည်း ရွှေချိန်းကြိုး အပြားကြီးနဲ့။ ဆယ်လူလာဖုံးကို လက်တဘက်ကကိုင်လို့။ ဘောင်းဘီနဲ့၊ ရှူးနဲ့။ အ၀တ်အစားတွေက ခေတ်စကားနဲ့ ပြောရရင် အပျံစားတွေပါပဲ။
သူတို့ မိဘများက ဒီခေတ်မှာ ရှာလို့ ဖွေလို့ နေရာကျနေ စီးပွါးဖြစ်နေကြတယ်။ သားနဲ့သမီး လျှောက်လည်ချင်တယ်ဆိုလို့ ကားအကောင်းစားကြီးတစီး ဒရိုင်ဘာတယောက် ထည့်လိုက်ပြီး ခရီးထွက်လာကြတာတဲ့။
ဒီမောင်နှမနှစ်ယောက် ပြည့်ပြည့်စုံစုံနဲ့ ပျော်ပျော်ရွှင်ရွှင် လျှောက်လည်နိုင်တာကို အမေက မုဒိတာဖြစ်ပြီး မိတ်ဆွေများ အဆင်ပြေနေကြတာကိုလည်း ၀မ်းသာရတယ်။ ဒါပေမယ့် ဘုန်းကြီးနဲ့ စကားမပြောတတ်လို့ဆိုတဲ့ ကလေးမလေးအဖြစ်ကိုတော့ ရင်ထဲ စလုံးစခုဖြစ်ပြီး ကျန်ရစ်ပါတယ်။ သူ့မိဘ သူ့အဘိုးအဘွားတို့ဟာ ဗုဒ္ဓဘာသာတွေပါ။ ဘုရားနဲ့၊ တရားနဲ့၊ သံဃာကိုလည်း ကိုးကွယ်နေကြသူတွေပါ။ နို့ပေမယ့် အသက် ၂၀ လောက် ရှိနေပြီဖြစ်တဲ့ ဒီကလေးမနဲ့ သူ့အစ်ကိုများခေတ်မှာ ဘုန်းကြီနဲ့ စကားမပြောတတ်ဘူးလို့ ပြောရအောင် ရဟန်းသံဃာနဲ့ သူတို့တတွေမှာ အတော်ကြီး အလှမ်းဝေးနေကြပြီလားလို့ အမေက စိတ်မကောင်း ဖြစ်မိတယ်။
အမေတို့ နိုင်ငံဟာ ဗုဒ္ဓဘာသာမြန်မာတွေ အများစုနေတဲ့နိုင်ငံ၊ ဒါပေမယ့် ဘာသာကွဲတဲ့ မြန်မာမွတ်စလင်တွေ၊ မြန်မာခရစ်ယန်တွေလည်း မြန်မာတွေနဲ့ ရောရောနှောနှော ရှိနေကြပြီး ဗုဒ္ဓဘာသာ ဘုန်းကြီးရဟန်းတွေနဲ့လည်း ဒီဘာသာကွဲတွေက စကားပြောတတ် ဆိုတတ် ရှိကြပါတယ်။ ဈေးချိုတော်ထဲက မြန်မာမွတ်စလင် ဈေးသည်တွေများဆိုရင် ဘုန်းကြီးရဟန်းနဲ့ စကားပြောတတ်ရုံသာမက မြန်မာစကား တတ်လွန်းအားကြီးလို့ မြန်မာတွေက လက်ဖျားခါရ သူတွေ အများကြီးပါ။ တကယ်က ဒါဟာ လူမှုရေးပဲ။ လိမ္မာရမှာ ကျွမ်းကျင်ရမှာပေါ့။ အခုတော့ တချို့ အမေတို့ရဲ့ မြေးအရွယ် မြို့နေလူတန်းစား ကလေးတွေဟာ ဘုန်းကြီးရဟန်းအတွက်ဆိုရင် ထမင်းမခေါ်ရဘူး၊ ဆွမ်းခေါ်ရတယ် ဆိုတာလောက်တောင် မသိကြတော့ဘူး ဖြစ်နေကြတယ်။ ဗုဒ္ဓဘာသာမိကောင်းဖခင်ရဲ့ သားသမီးမှန်ရင် ရဟန်းသံဃာနဲ့လည်း စကားပြောတတ်ဆိုတတ် ရမှာပေါ့။ အမေတို့ လူမျိုးရဲ့ ကြွယ်ဝတဲ့ ဝေါဟာရယဉ်ကျေးမှု အဆင့်အတန်းမြင့်တဲ့ ကိုယ့်ဘာသာစကားကို ဂုဏ်ယူပြီး လူမှုရေးမှာ တတ်သိကျွမ်းဝင်ရမှာပေါ့။
စကားဆိုတာ လူနဲ့ လူချင်းဆက်ဆံရာမှာ မရှိမဖြစ် သုံးရတဲ့ဟာပါ။ အဲဒီလို ရှိရာမှာ စကားလုံး ဆင်းရဲတာ ကောင်းသလား၊ အဆင့်အတန်းမြင့်သလား၊ စကားလုံး ကြွယ်ဝတာက ကောင်းသလား၊ မြင့်သလားဆိုတာ မေးစရာတောင် မလိုတဲ့ကိစ္စ မဟုတ်လား။
အမေ လွယ်လွယ်ကလေးတခုကို ထောက်ပြမယ်။ အမေတို့ စကားဟာ တဦးနဲ့တဦး ဆက်ဆံကြရင် လုနဲ့ဝ၊ ယူနဲ့အိုင် ဆိုတဲ့ နှစ်လုံးတည်းရှိတဲ့ ဝေါဟာရမျိုး မဟုတ်ဘူး။
၁။ အရှင်ဘုရား တပည့်တော်
၂။ ရှင် ကျွန်မ
၃။ ခင်ဗျား ကျွန်တော်
၎။ တော် ကျုပ်
၅။ မွမ် အကျွန်
၆။ မင်း ငါ
၇။ နင် ငါ
၈။ ညည်း ငါ
စသဖြင့် တော်ရာ လျော်ရာသုံးရတဲ့ စကားတွေ အမျိုးမျိုး ရှိတယ်။ ဒါဟာ ဝေါဟာရ ကြွယ်ဝလို့ ဒီလို ရှိတာ။ ကိုယ့်စကားကို ရေလည်အောင် မပြောဆိုတတ်ဘူးဆိုတာ စတိုင်လုပ်စရာ မဟုတ်ဘူး။ ကိုယ်ညံ့လွန်းရာကျတယ်။ ငယ်ရွယ်သူတွေက ဂုဏ်ရှိတယ်ထင်ပြီး လည်း တို့ဘာသာစကားပေမယ့် တို့ကောင်းကောင်း မပြောတတ်ပါဘူးဆိုတာမျိုးနဲ့ စတိုင်လုပ်ပြီး မပြောရဘူး။ အဲဒါ စတိုင်ကျတာ မဟုတ်ဘူး။ ရှက်စရာကောင်းတာ။
သားတို့ သမီးတို့ကို အမေကမွေးလိုက်တော့ သားတို့ သမီးတို့ဟာ စကားပြီ နားကြားရှိတဲ့ ကလေးလေးအဖြစ် မွေးလိုက်တာ မဟုတ်လား။ ဒါဆိုရင် လူ့အဖြစ်နဲ့ ပြည့်ပြည့်စုံစုံ၊ လုံလုံလောက်လောက် မိဘက မွေးပေးလိုက်ပြီပဲ။ သားတို့သမီးတို့က လူပီသအောင် ကြိုးစားဖို့ပဲ ရှိတော့တယ်။ သားတို့ သမီးတို့ တို့လူမျိုး တမျိုးသားလုံး ပြောဆိုသုံးစွဲနေကြတဲ့ စကားကို သားတို့ သမီးတို့ ပြောတတ်ရမှာပေါ့။ ခုခေတ်မှာ ကိုယ့်ဘာသာစကားအပြင် အခြားလူမျိုးတွေရဲ့ ဘာသာစကားတွေကိုတောင် တမျိုးမက နှစ်မျိုးသုံးမျိုး တတ်အောင် သင်နေကြရတဲ့ ခေတ်မဟုတ်လား။
ပြီးတော့ အမေတို့ လူ့အဆောက်အအုံက ဂုဏ၀ုဒ္ဓိ ၀ယ၀ုဒ္ဓိ ရှိတဲ့ လူ့ဂုဏ်သိက္ခာ ကြီးရင့်ပြီး အသက်ကြီးရင့်သူများကို တလေးတစား ရိုရိုသေသေ ပြောရတာ ရှိတယ်။ ကိုယ်နဲ့တန်းတူကို ပြောရတာ ရှိတယ်။ ကိုယ့်အောက်ငယ်ရွယ်နိမ့်ကျလို့ နှိမ့်ချ ပြောဆိုရတာ ရှိတယ်။ ဘုန်းကြီးရဟန်းကို တမျိုးတဖုံ သုံးနှုန်းပြောဆိုရတာ ရှိပါတယ်။ ဒါတွေဟာ နှုတ်မှုရေးရာလို့ ခေါ်ပါတယ်။ စကားကို နေသားတကျပြောတဲ့ အဆင့်မြင့်မြင့် လူ့အတတ်လေ။
ခုခေတ်လူငယ်တွေ ဘာသာခြား စကားများကိုလည်း တခုမက စွမ်းဆောင်နိုင် သလောက် တတ်အောင်သင်ကြ၊ သင်နိုင်ရင် ကောင်းတယ်။ ကိုယ့်စကားကိုလည်း ပြောတတ်အောင် ပြောကြ။ ကိုယ့်စကားမှ စုံလင်အောင်မသိဘဲ မတတ်ဘဲနဲ့တော့ ဘာသာခြားစကားကို သင်နေရင် အဓိပ္ပါယ်မရှိလှဘူး။
အမေတို့ အမေက သူ့သားသမီးတွေ နေသားတကျ ပြောဆိုတာမျိုး မလုပ်တတ်ဘူး ဆိုရင် "ဟဲ့၊ ငါမွေးထားတာ စကားပီနားကြားပဲ။ နင် ဒါလောက် ဖျင်းရသလား" လို့ စိတ်မရှည်နိုင်တော့ အပြစ်တင်ပါတယ်။
နားကလည်း အကောင်း၊ ဘာသံကိုမဆို အမှန်အတိုင်း ကြားတယ်။ လျှာတို့၊ လည်ချောင်းတို့၊ လျှာခင်တို့ ကလည်း အကောင်းမို့ ကြားတဲ့အသံကို ပီအောင် ကိုယ်က ပြန်ထွက်နိုင်တယ်။ ဒါဆိုရင် ပြောတတ်ဆိုတတ် ရှိရပြီပေါ့။ ကိုယ့်မှာ အင်္ဂါစုံပါရဲ့နဲ့ သူများနည်းတူ ပြောတတ်ဆိုတတ် မရှိဘူးဆိုတာမျိုးတော့ မဖြစ်စကောင်းဘူး။
ဒါကြောင့် သားတို့ သမီးတို့ "ဘုန်းကြီးနဲ့ စကားမပြောတတ်ပါဘူး" ဆိုတာမျိုး မဖြစ်ကြစေနဲ့နော်။

လူထုဒေါ်အမာ။
ကလျာမဂ္ဂဇင်း၊ အမှတ် ၁၃၉၊ ၁၉၉၆ စက်တင်ဘာ။
[ကြီးပွါးရေးစာအုပ်တိုက်ထုတ်၊ လူထုဒေါ်အမာရဲ့ 'အမေ့ရှေးစကား' ပထမအကြိမ်၊ ၁၉၉၇ မှ ကူးယူဖော်ပြပါတယ်။]

အပြည့်အစုံသို့>>>

မင်္ဂလာရောင်ခြည်-ဗုဒ္ဓ၀င်ရုပ်စုံ [အခန်းစဉ် ၆၊ ၇၊ ၈၊ ၉]

၆။ တလသားအရွယ်
သိဒ္ဓတ္ထမင်းသား တလသားအရွယ်တွင် ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည် လယ်ထွန်မင်္ဂလာကျင်းပရာသို့ ခေါ်ဆောင်သွားသည်။ ခမည်းတော် လယ်ထွန်မင်္ဂလာ ပြုနေစဉ် အနီးရှိ ဇမ္ဗုသပြေပင်အရိပ်၌ သိပ်ထားသည်။ ထိုအခါ သိဒ္ဓတ္ထမင်းသားကလေးသည် အိပ်ရာထက်တွင် တင်ပျဉ်ဖွဲ့ခွေထိုင်လျက် အာနာပါန ကမ္မဌာန်းကို စီးဖြန်းနေသည်။

ထိုအံ့ဖွယ်အခြင်းအရာကို တွေ့မြင်သောအခါ ခမည်းတော်သည် သားတော်ကို ဒုတိယအကြိမ် ရှိခိုးသည်။

6. At the age of one month.
When Prince Siddhattha was one month old, his father King Suddhodana took him to the site where the royal ploughing ceremony was held. While the king was engaged in royal ploughing, he let his son Prince Siddhattha sleep under the shade of the nearby Eugenia tree. Prince Siddhattha then sat cross legged on the bed, observed the inhalation and exalation (in and out breathing) meditation.
King Suddhodana seeing that miraculous event, paid homage to his son for the second time.


၇။ ၁၆-နှစ်သားအရွယ်
သိဒ္ဓိတ္ထမင်းသား ၁၆ နှစ်သားအရွယ်သို့ ရောက်သောအခါ မင်းကြီးသည် သားတော် အတွက် နွေ၊ မိုး၊ ဆောင်း ဥတုသုံးပါးတွင် အလဲအလှယ်စံနိုင်ရန် နန်းမသုံးဆောင် ဆောက်လုပ်ပေးသည်။ စည်းစိမ်အမျိုးမျိးကို ခံစားစေသည်။
တနေ့တွင် သုဒ္ဓေါဒနမင်းကြီးသည် စိတ်အကြံ ဖြစ်ပေါ်လာသည်။
"ယခု ငါ့သားတော်သည် အရွယ်ရောက်လာပြီ။ ...သင့်လျော်သော မင်းသမီးနှင့် ထိမ်းမြား၍ ထီးနန်းအပ်မှ တော်မည်။ သားတော်သည် မင်းစည်းစိမ်ကို ခံစားနေရလျှင် တောထွက်လိုစိတ် ပေါက်မည်မဟုတ်။ သို့မှသာ စကြာဝတေးဖြစ်လာမည်ကို ငါမြင်ရမည်။"
သို့ဖြင့် သားတော်အတွက် မိဖုရားရွေးချယ်နိုင်ရန်၊ "မိမိတို့၏ သမီးတော်များကို ပို့လွှတ်ကြပါ" ဟူ၍ ဆွေတော်မျိုးတော်တို့ထံ အကြောင်းကြားသည်။

7. At the age of sixteen.
When Prince Siddhattha attained the age of sixteen, for him King Suddhodana constructed three palaces in accordance with the three seasons, viz: Summer, Winter and Rainy season. The king let his son enjoy all sorts of luxuries.
One day King Suddhodana had a contemplation thus, "Now, my son has reached marriageable age. It will be proper to marry him to a suitable princess and bestow the sovereignty to him. In this way, enjoying the luxuries of kingship, my son will not want to become a recluse and retire (to the forest). Thus I will perceive him as a unversal monarch."
So the king sent message to his relatives to send their daughters to be chosen as bride for his son.


၈။ လေးတင်ပွဲ
ထိုအခါ သာကီဝင်မင်းများက အထင်မြင်သေးစကားကို အချင်းချင်း ပြောဆိုကြသည်။
"သိဒ္ဓတ္ထမင်းသားသည် ရုပ်သာချောသည်။ ပညာမတတ်၊ သားမယားကို ကျွေးမွေး စောင့်ရှောက်နိုင်မည်မဟုတ်။ ငါ့သမီးများကို မပေးနိုင်။"
ထိုစကားကို သုဒ္ဓေါဒနမင်းကြီးကြားသော် သားတော်ကို ပြောပြသည်။ ထိုအခါ သိဒ္ဓတ္ထမင်းသားသည် ပရိသတ်ဗိုလ်ပုံအလယ်၌ လေးအတတ်ကို ပြသည်။ အကျွမ်းကျင်ဆုံး လေးသမားများထက် သာလွန်နေသည်။ ဆွေတော်မျိုးတော်များနှင့် တိုင်းသူပြည်သားတို့ အံ့ချီးမဆုံး ရှိကြသည်။

8. Exhibition of skill in archery.
Sakyan kings discussed the low opinion of Prince Siddhattha among themselves in this way, "Prince Siddhattha is only handsome but has no knowledge (of arts and craft). He will not be able to support the family. So we cannot send our daughters."
King Suddhodana hearing their words of low opinion of his son told his son. Then Prince Siddhattha showed his skill in archery in the midst of the multitude. His skill is much better than those of the skilled archers. Relatives and citizens were much surprised and spoke words of honour and praise of the Prince.


၉။ ယသော်ဓရာနှင့် ထိမ်းမြားပွဲ
ထိုအခါမှ လက်ဆောင်ပဏ္ဏာများနှင့်တကွ သမီးကညာတို့ကို လာရောက် ဆက်သကြသည်။ မင်းကြီးသည် သူတို့အထဲမှ ယသော်ဓရာမင်းသမီးကို ရွေးချယ်သည်။ သိဒ္ဓိတ္ထမင်းသားနှင့် ထိမ်းမြားပေးသည်။ (ယသော်ဓရာသည် သုဒ္ဓေါဒနမင်းကြီး၏ ညီမတော် အမိတ္တာနှင့် ဒေ၀ဒဟပြည့်ရှင် သုပ္ပဗုဒ္ဓမင်း၏ သမီးတော်ဖြစ်သည်။ သိဒ္ဓတ္ထမင်းသားနှင့် မောင်နှမတ၀မ်းကွဲ တော်စပ်သည်)
သုဒ္ဓေါဒနမင်ကြီးသည် သားတော်ကို ထီးနန်းလွှဲအပ်ပေးသည်။ သိဒ္ဓတ္ထမင်းသည် မင်းသားဖြစ်စဉ်ကထက် စည်းစိမ်ချမ်းသာကို ပိုမိုခံစားရသည်။ သူ၏ ဘုန်းတန်ခိုး အရှိန်အ၀ါကြောင့် တိုင်းနိုင်ငံလည်း သာယာအေးချမ်းသည်။

9. Marriage with Yasodhara.
Then the relatives sent their daughters with valuables and presents. Out of them King Suddhodana chose Yasodhara and married her to Prince Siddhatha. Yasodhara was the daughter of Devadaha King, Suppabuddha and Amitta was the sister of King Suddhodana. Thus- Yasodhara was first cousin of Prince Siddhattha.
King Suddhodana bestowed the kingship to his son. As a king Prince Siddhattha enjoyed greater luxuries than as a prince. Because of his power and glory the country became peaceful and prosperous.

အပြည့်အစုံသို့>>>

မင်္ဂလာရောင်ခြည်-ဗုဒ္ဓ၀င်ရုပ်စုံ [အခန်းစဉ် ၃၊ ၄၊ ၅] ပြုစုသူ- မင်းယုဝေ။ သရုပ်ဖော်-ပန်းချီဦးစိန်

Tuesday, January 20, 2009

၃။ ဘုရားလောင်းနှင့် ကာလဒေ၀ီလ ရသေ့ကြီး
ဘုရားလောင်းဖွားမြင်သည် ကြားသဖြင့် ကပိလ၀တ်ပြည်နှင့် ဒေ၀ဒဟပြည်မှ ဆွေတော်မျိုးတော်များ စုဝေးရောက်လာကြသည်။ မာယာဒေ၀ီနှင့် ဘုရားလောင်းကို ကပိလ၀တ်ပြည်သို့ ခေါ်ဆောင်သွားကြသည်။

သုဒ္ဓေါဒနမင်းကြီး ကိုးကွယ်သော ကာလဒေ၀ီလရသေ့ကြီးသည် နန်းတော်သို့ ကြွရောက်လာသည်။ မင်းကြီးက သားတော်ကို ရသေ့ကြီးအားပြ၍ "သားတော်၊ ဆရာမြတ်ကို ရှိခိုးလော့" ဟူ၍ ဆို၏။
ဘုရားလောင်းက ရှိမခိုး။ ရသေ့ကြီး၏ ဦးခေါင်းထက်၌ ခြေစုံရပ်လျက် တည်သည်။
အံ့ဖွယ်သရဲ ထူးကဲလှသဖြင့် ရသေ့ကြီးက ဘုရားလောင်းကို ရှိခိုးသည်။ မင်းကြီးကလည်း သားတော်ကို ပထမဆုံးအကြိမ် ရှိခိုးသည်။
ရသေ့ကြီးသည် ဘုရားလောင်းကို စူးစိုက်ကြည့်ကာ ရယ်လည်းရယ်သည်။ ငိုလည်းငိုသည်။ မင်းကြီးက မေးသောအခါ ရသေ့ကြီးက "မင်းမြတ်၊ သင့်သားတော်သည် ဘုရားဖြစ်လိမ့်မည်။ ထို့ကြောင့် ငါဝမ်းသာ၍ ရယ်သည်။ သို့ရာတွင် သားတော် ဘုရားဖြစ်ချိန်၌ ငါသေလွန်ပြီး ဖြစ်နေမည်။ ထို့ကြောင့် ၀မ်းနည်း၍ ငိုသည်" ဟူ၍ဆို၏။

3. Bodhisat and Kaladevi hermit.
On hearing that Bodhisat had been born, royal relatives from Kapilavatthu and Devadaha arrived together at the sal grove. Then they carried Mayadevi and Bodhisat to Kapilavatthu.
Kaladevila hermit who was revered by King Suddhodana came to the palace.The King then showed his son to the sage and told the Bodhisat "Dear Son! pay homage to the reverend sage." Bodhisat did not pay homage but stood up on the hermit's head.
It was so astonishing and surprising that the great sage paid homage to the Bodhisat. The King also paid homage to his son for the first time.
The great sage looking concentrating at the Bodhisat lough and wept simultaneously. When the King asked about it, the sage replied, "Your majesty! your son will become the Enlightened one (Buddha); on count of that I feel happy and so I lough. But at the time your son will be Buddha, I have passed away and so I feel very dejected and so I weep."

၎။ သိဒ္ဓတ္ထ
ငါးရက်မြောက်သောနေ့တွင် မင်းကြီးက ပုဏ္ဏားတော်များကို ဖိတ်သည်။ သားတော်၏ လက္ခဏာတို့ကို ကြည့်ရှု ဖတ်ကြားစေသည်။ ပုဏ္ဏားတော် ခုနှစ်ယောက်တို့က "သားတော်သည် စကြ၀တေးမင်းသော်လည်းကောင်း၊ ဘုရားသော်လည်းကောင်း ဖြစ်လိမ့် မည်" ဟူ၍ နှစ်ခွ ဆိုကြသည်။ အငယ်ဆုံးဖြစ်သော ကောဏ္ဍညပုဏ္ဏားကမူ "အရှင့်သား တော်သည် တောထွက်၍ ဘုရားဧကန်ဖြစ်လိမ့်မည်" ဟူ၍ တမျိုးတည်းသာဆိုသည်။
မင်းကြီးက "ငါ့သားတော်သည် ဘယ်အရာကို မြင်၍ တောထွက်မည်နည်း" ဟု မေးမြန်းသည်။
"သူအို၊ သူနာ၊ သူသေ၊ ရဟန်းဟူသော နိမိတ်ကြီးလေးပါးကို မြင်၍ တောထွက်ပါမည်" ဟူ၍ ကောဏ္ဍညပုဏ္ဏားက ဖြေကြားသည်။
ဘုရားလောင်းကို 'သိဒ္ဓတ္ထ' ဟူ၍ အမည်ပေးသည်။ ဂေါတမအနွယ် ဖြစ်သောကြောင့် 'သိဒ္ဓတ္ထဂေါတမ' ဟူ၍လည်း ခေါ်ကြသည်။

4. Siddhattha.
On the fifth day the king invited the court bramins and asked them to read the future of Bodhisat. The seven brahmins told the king. "Your son will become either the sovereign of the whole universe or the Enlightened Buddha;" thus they prophesied in two ways. But the youngest brahman Kondannya said definitely. "Your son will retire from the world and become the Enlightened Buddha."
The King then asked, "What will he see and retire from the world?"
Kondannya brahmin replied, "He will retire from the world after seeing the four omens viz; an old man; a sick person; a dead person and a monk." Bodhisat was named Siddhattha and as he was of the Gotama clan He was also called Siddhattha Gotama.


၅။ ခမည်းတော်၏ဆန္ဒ
ခုနှစ်ရက်မြောက်နေ့တွင် မာယာဒေ၀ီမိဘုရားကြီး နတ်ရွာစံသွားရှာသည်။ မြောက်နန်းစံ ညီမတော်ဂေါတမီသည် မိဖုရားခေါင်ကြီး ဖြစ်လာသည်။
မိထွေးတော် ဂေါတမီသည် သိဒ္ဓတ္ထမင်းသားကလေးကို သားတော်အရင်းပမာ မွေးမြူစောင့်ရှောက်သည်။ ကိုယ်တိုင် နို့ချိုတိုက်ကြွေးသည်။ သိဒ္ဓတ္ထမင်းသားကလေး ဖွားမြင်ပြီး နှစ်ရက်-သုံးရက်အကြာတွင် ဂေါတမီသည် နန္ဒမင်းသားကလေးကို ဖွားမြင်သည်။ သို့သော် သားတော်ရင်းကို နို့တိုက်ရန် နို့ထိန်းများကိုသာ လွှဲထားသည်။
မင်းကြီးသည် သားတော်အား လေးကျွန်းလုံးကို အစိုးရသော စကြ၀တေးမင်းသာ ဖြစ်စေချင်သည်။ ဘုရားမဖြစ်စေချင်။ ထို့ကြောင့် သူအို၊ သူနာ၊ သူသေ၊ ရဟန်းတို့ကို နန်းတွင်း၊ မြို့တွင်းနှင့် နှစ်မိုင်ခန့်ထိ ရောက်မလာအောင် အစောင့်များချထားသည်။
"နိမိတ်ကြီးလေးပါးကို ငါ့သားတော် မမြင်ရအောင် အထူးဂရုပြု စောင့်ရှောက်ကြလော့" ဟူ၍လည်း မှာကြားထားသည်။

5. Desire of Bodhisat's father
On the seventh day Queen Mayadevi passed away and her younger sister, the lesser queen became the chief queen.
Step mother Gotami looked after and brought up the little prince Siddhattha as her own son. She herself fed the prince. Two or three days after the birth of Prince Siddhattha, Gotami gave birth to a son called Prince Nanda. But she entrusted her own son to the wet-nurses to breed.
As for King Suddhodana, he wanted his son only to become the sovereign of the entire universe instead of becoming an Enlightened Buddha. So the king forbid old and aged, sick and the dead, and the monks to come within two miles of the palace, inner-city and outer-city. To prevent them the king placed guards all around the palace, inner-city and outer-city ordering them. "In order that my son will not see the four omens, so you all guard diligently."

အပြည့်အစုံသို့>>>

သာသနာပြု ဒသမ ရွှေကျင်သာသနာပိုင် မြောင်းမြဆရာတော်။

ကျေးဇူးတော်ရှင် စံကင်း ဆရာတော်ဘုရားကြီး သက်တော်ထင်ရှား ရှိစဉ်အခါတုန်းက ကျွန်မတို့ သမီးခင်ပွန်းက ဆရာတော်ကြီး အထံတော်မှောက်သို့ မကြာမကြာ အဖူးအမြော် ရောက်ပါတယ်။ ရောက်တဲ့အခါတိုင်းလည်း ဆရာတော်ကြီးက သူ့သားသမီးတွေ လာရောက် ကန်တော့ကြသလိုပဲ ၀မ်းပန်းတသာ အကန်တော့ခံပြီး တရင်းတနှီး ရယ်စရာ မောစရာလေး တွေ ပြောတဲ့အခါပြော၊ ကျွန်မကို စတဲ့အခါ စတတ်ပါတယ်။

ကျွန်မတို့ လူထုသတင်းစာ နေ့တိုင်းဆက်ကပ် လှူဒါန်းထားတော့ ဆရာတော်ဘုရားကြီးက သတင်းစာကို ကိုရင်တွေ နေ့တိုင်း ဖတ်အပြခိုင်းပြီး နားထောင်တာကိုး။ အဲဒီတော့ ဦးလှ ကနေ့ ဘာရေးတယ်၊ ကျွန်မ ကနေ့ ဘာရေး တယ်ဆိုတာတွေကို ဆရာတော်ကြီးက နေ့တိုင်း ကိုရင်တွေ ဖတ်ပြလို့ သိပြီးသား ဖြစ်နေတော့ စိတ်ထဲမှာ တရင်းတနှီးကြီး ဖြစ်နေတော်မူလို့သာ ဒီလို ဆက်ဆံတာ နေမှာပေါ့။
တနေ့တော့ ဆရာတော်ကြီးဆီက ပြန်တဲ့အခါ မြောင်းမြဆရာတော် ရှိတယ်ဆိုပြီး ဦးလှနဲ့ကျွန်မ မြောင်းမြဆရာတော် သတင်းသုံးတဲ့ အလယ်တိုက်မကြီး အပေါ်ထပ် အရှေ့ခန်းမဆောင်ကို တက်လာခဲ့ကြတယ်။
တက်သွားကြတော့ ဆိုက်ဆိုက်မြိုက်မြိုက် မြောင်းမြဆရာတော်ကြီးကို ဖူးတွေ့ရပါ တယ်။ မြောင်းမြဆရာတော်ကြီးက ရုပ်ဆင်းအင်္ဂါကလည်း ဖြူဖြူစင်စင်၊ ပြည့်ပြည့်ဖြိုးဖြိုးနဲ့ တောင့်တောင့်ကြီး၊ ကြည့်ပုံရှုပုံကလည်း စူးစူးရှရှ ထက်ထက်မြက်မြက်၊ အသံတော်ကလည်း ထည်ထည်ဝါ၀ါ ရှိတဲ့အပြင် လေယူလေသိမ်းက ပြတ်သားပါဘိသနဲ့။ သက်တော်ရှည် စံကင်းဆရာတော်ဘုရားကြီးနဲ့တော့ တခြားစီပေါ့လေ။ စံကင်းဆရာတော်ကြီးက သက်တော် ၁၀၀ ကျော်၊ မြောင်းမြဆရာတော်က သက်တော် ၈၀ ကျော်၊ အနှစ် ၂၀ လောက် ကွာခြားပေတာကိုး။ ကျွန်မတို့နှစ်ယောက် ၀ပ်ချပြီး ထိုင်မိကာ ရှိပါသေးတယ် ဦးလှဟာ ညောင်လေးပင်တောရကြီး ဆရာတော် ဦးအရိယရဲ့ညီမှန်း ဆရာတော်က သိလေတော့ အဲဒီနယ်က ရွှေကျင်သာသနာနဲ့စပ်တဲ့ ရှေးဟောင်းနှောင်းဖြစ်ကလေးတွေကို ပြောပြနေပါ တော့တယ်။
ဆရာတော် ပြောတဲ့အထဲမှာ အင်မတန် နာမည်ကျော်ကြားပြီး ရဟန္တာလို့ သမုတ်ခံရတဲ့ ဘုးန်းတော်ကြီး သေက္ချတောင် ဦးသီလအကြောင်းလည်း ပါတယ်။ ပဲခူးက ကြခတ်ဝိုင်းကျောင်း စတင်တည်ထောင်တဲ့အချိန်က အကြောင်းလည်း ပါတယ်။ ရှေးဟောင်းနှောင်းဖြစ်တွေကို ပြောတာလို့ ဆိုရပေမယ့် ဆရာတော့်မှတ်ဥာဏ်က ကောင်းလိုက်တာ။ အားလုံး အတိအကျ အခိုင်အမာတွေ၊ အချက်အလက်အလက်တွေ ကလည်း စုံလိုက်တာ။ ကျွန်မက ဦးလှဘေးနားက နားထောင်နေရင်း ဆရာတော် မိန့်မြွက်ချက်တွေက သဘောကျစရာ ကောင်းလွန်းလို့ စာအုပ်ကလေး တအုပ်လောက်များ ပါရင် ကောင်းလေရဲ့၊ ဆရာတော်ပြောတာတွေကို တေးမှတ်ထားပြီး စာပြန်ရေးရရင် ဖတ်ချင်စဖွယ် သိတ်ရှိမှာပဲလို့ အောက်မေ့နေမိတယ်။ ဆရာတော် မန္တလေးမှာ ရှိနေတုန်း မှတ်စရာ စာအုပ်တအုပ်ယူပြီး လာခဲ့ဦးမယ်၊ ဆရာတော် အမိန့်ရှိတာတွေ ရေးမှတ်ယူမယ်လို့လည်း စိတ်ထဲက ပိုင်းဖြတ်လာခဲ့မိတယ်။ နို့ပေမယ့် မလုပ်ဖြစ်လိုက်ဘူး။ ဆရာတော်ကြီးက ရန်ကုန် မဟာဗောဓိကျောင်းမှာ ၂၄-၇-၇၅ နေ့မှာ ပျံလွန်တော်မူသွားတယ်လို့ ကြားရပါတယ်။ ဒါကြောင့် မမှတ်သားလိုက်ရတဲ့ ဆုံးရှုံးမှုအတွက် နှမြောလို့မဆုံး ဖြစ်ခဲ့ရတယ်။ နို့ပေမယ့် ကျွန်မနှမြောတာက ဘာပြောပလောက်မှာလဲ။ ဆရာတော်ကြီး ပျံလွန်တော်မူသွားတာကို ရွှေကျင်သာသနာကမှ တကယ် နှမြော တသရတာ ဟုတ်လား။ ရွှေကျင်သာသနာအတွက်တော့ အလွန်ကြီးမားတဲ့ ဆုံးရှုံးမှုကြီး ဖြစ်ပါတယ်။ ဆရာတော်လို ပုဂ္ဂိုလ်က ရွှေကျင်သာသနာအတွင်းမှာကိုပဲ မြောက်မြောက်မြားမြား ပေါ်ထွက် လေ့ ရှိတာမှ မဟုတ်ဘဲ။ "၀ိနည်း လေးစားသောအရာတွင် သာသနာ နောက်ဖျားမှာ ပြိုင်ဘက်ရှားသော ပုဂ္ဂိုလ်တပါးဖြစ်ပါတယ်" လို့ ဆိုစကားနဲ့ တကယ်ညီတဲ့ ပုဂ္ဂိုလ်ပေကိုး။ ဆရာတော် တသက်မှာ ၀ိနည်းအတွက် ဆရာတော်ကြိုးပမ်းခဲ့ပုံတွေ၊ လိုက်နာစောင့်စည်းခဲ့ပုံ တွေ ဘာကိုမှ မငဲ့ကွက်ပဲ ဘုရားရှင်ပညတ်တဲ့ ၀ိနည်းတော် မကျိုးမပေါက်ရရေးအတွက်သာ ရွက်ဆောင်တော်မူခဲ့ပုံတွေက ပြောမကုန် ရေးမကုန် ရှိခဲ့ပါပေတယ်။
မြောင်းမြဆရာတော်ရဲ့ အကြီးမားဆုံး ဂုဏ်ပုဒ် တခုကတော့ စာသင်တိုက် တတိုက် ဖြစ်ပေါ်လာအောင်၊ ဖြစ်ပေါ်လာတဲ့အခါ တည်တံ့အောင်၊ စည်ပင်တိုးတက်အောင် ရွက်ဆောင် တော် မူနိုင်တဲ့ စွမ်းပကားရှိခြင်းလို့ ပြောရင် မှန်မယ်ထင်ပါတယ်။ ဆရာတော် လက်မွန်မဆွ တည်ထောင်ခဲ့တဲ့ မြောင်းမြက ပဇ္ဇောတာရုံတိုက် ဆိုတဲ့ စာသင်တိုက်ကြီးဆိုရင် အောက်မြန်မာ နိုင်ငံ သာသနာမှာ အလွန်ထင်ရှားတဲ့ စာသင်တိုက်ကြီး ဖြစ်ခဲ့ပါတယ်။ အဲဒီနောက်လည်း ပဇ္ဇောတာရုံတိုက်သစ်မှစပြီး ရန်ကုန် မဟာဗောဓိတိုက်အပါအ၀င် စာသင်တိုက်တွေ တတိုက်ပြီးတတိုက် တည်ထောင်ဖွင့်လှစ်ပေးနိုင်ခဲ့တဲ့ ဆရာတော်ကြီးပါ။ အခုလို တတိုက်ပြီး တတိုက် ဖွင့်လှစ်ဖို့ မပြောထားပါနဲ့ စာသင်တိုက် တတိုက်ကို အောင်အောင်မြင်မြင် ဖြစ်အောင် ဖွင့်လှစ်နိုင်တယ်ဆိုတာကိုက နည်းတဲ့စွမ်းအား သတ္တိမဟုတ်ပါဘူး။ မြောင်းမြဆရာတော်က ဗုဒ္ဓသာသနာ နေလို လလို ထွန်းပစေလိုရင်၊ တည်တံ့ခိုင်မြဲစေလိုရင် ပရိယတ္တိ စာသင်တိုက်ကြီးတွေ ခြေခြေမြစ်မြစ် ခိုင်ခိုင်မာမာ ရှိမှ၊ စာပေတွေကို ပို့ချပေးနိုင်မှ ဖြစ်တယ်။ သာသနာမှာ ပရိယတ္တိက အခြေခံ၊ ပရိယတ္တိရှိမှ ပဋိပတ္တိသာသနာ မှန်ကန်စွာ ဖြစ်ပေါ်လာနိုင် တာလို့ ခံယူပါတယ်။ ဒါ့ကြောင့် ဆရာတော့် တသက်မှာ စာသင်တိုက်ကြီးများ ဖြစ်အောင် တည်ထောင်တယ်။ စာပေကိုလည်း ပို့ချတယ်။ ငယ်ရွယ်စဉ်ကစပြီး သက်တော် ၈၅ အထိ ရန်ကုန် မဟာဗောဓိမှာ စာချတုန်း၊ နောက်ဆုံး စာဝါဟာ ၀ိနည်းပါဠိတော်ကို ချတော်မူသွားတာပါတဲ့။
စာသင်တိုက် တတိုက်ကို တည်ထောင်တဲ့အခါ ဆရာတော် ကိုင်စွဲတဲ့ဝါဒက "နေနည်းရှေးကျပြီး၊ သင်နည်းခေတ်မီ " ရမယ်ဆိုတဲ့ ၀ါဒပါတဲ့။
စာသင်တိုက်မှာ စာသင်သားတွေ အနေအထိုင်နဲ့ ပတ်သက်လို့ ၀ိနည်းတော်ကို အစွမ်းကုန် လေးစားလိုက်နာစေတယ်။ ဆရာတော်ကိုယ်တိုင်က စံပြအဖြစ်နဲ့ နေထိုင်ပြသ ရုံမက ကြက်ကောင်းကြိုးမကွာရစေသလို စာသင်သားတွေကို အမြဲတမ်းစောင့်ကြပ် ကြည့်ရှုဆုံးမမှု အောက်မှာ ထားရှိတယ်။ ၀ိနည်းဆိုတာ သာသနာရဲ့ အသက်၊ ၀ိနည်းတည်မှ သာသနာတည်တယ်ဆိုတဲ့ အဌကထာ စကားကိုလည်း ဆောင်ပုဒ်ကြီးအဖြစ် မြဲမြဲကြီး ကိုင်စွဲထားပြီး ရွှေကျင်ကျောင်းတိုက်တိုင်း ပြုလုပ်တဲ့ ၀ိနည်းစာပြန်ပွဲများကိုလည်း မှန်မှန်ကြီး ကျင်းပ ပေးတော်မူတာပါ။
ဆရာတော် တစုံတခုကို ဆိုဆုံးမတယ်ဆိုရင်လည်း ရွှေကျင်ဆရာတော်ကြီးက ဘယ်ကိစ္စမှာ ဘယ်လိုမိန့်တာ၊ ပဌမ ၀ိသုဒ္ဓါရုံဆရာတော်ကြီးက ဘယ်လို မိန့်ကြားဖူးတာ စသဖြင့် ရွှေကျင်ဆရာတော်ကြီးတွေရဲ့ နေနည်း ထိုင်နည်း ကျင့်သုံးနည်း သုံးသပ်ခံယူနည်း တွေကိုသာ အခါခပ်သိမ်း တလေးတစား မိန့်ကြားတော်မူလေ့ ရှိတာပါ။
ဒါကြောင့် ရွှေကျင်သံဃာများ အားလုံးက "မြောင်းမြဆရာတော်ဘုရားကြီးဟာ ဂိုဏ်းစိတ် ဂိုဏ်းသွေး၊ အလွန်မြင့်မားထက်သန်တယ်၊ ရွှေကျင်ဂိုဏ်းကြီး တိုးတက်စည်ကား ပြန့်ပွါးမှုကို သိပ်လိုလားတယ်" လို့ ချီးကျူးတာ ရှိကြပါတယ်။ ပြီးတော့ ဆရာတော်ရဲ့ ပရိယတ္တိ အရည်အသွေးနဲ့ ပတ်သက်လို့လည်း မြောင်းမြဆရာတော်ဟာ "ပညာလည်းနက်တယ်၊ အမှတ်သညာ ဘက်စုံလည်း ထက်မြက်တယ်" လို့ မိန့်ကြားတတ်ကြပါတယ်။
ဆရာတော်ကြီးက စာသင်တိုက်ကြီးတွေ တည်ထောင်ဖွင့်လှစ်တဲ့အခါ ဆရာတော်ကြီး ကိုယ်တိုင် ငယ်ရွယ်စဉ်က တပင်တပန်း သင်ကြားခဲ့ရတဲ့ စနစ်နဲ့ ပတ်သက်ပြီး စာသင်သားအဖို့ ဆင်းရဲလွန်းတယ်၊ ဒိထက်ကောင်းတဲ့ ပညာသင်နည်းများ ရှိသင့်တယ်လို့ ယူဆပြီး တိုင်းတပါးကို ကြွရောက်ပညာယူတဲ့အခါမှာ အဲဒီက နည်းကောင်းလမ်းကောင်းတွေကို အတုယူတော်မူလာခဲ့တယ်။ မြန်မာနိုင်ငံမှာ ကိုယ်တော်တိုင် စာသင်တိုက်ကြီးတွေ ဖွင့်လှစ်တဲ့အခါမှာ အာဂုံဆောင် အလွတ်ကျက်မှတ်ရတဲ့ အပင်ပန်းဆုံး ပညာသင်နည်းထက် သက်သာလွယ်ကူပြီး သဘောပေါက်စေတဲ့နည်းကို အသုံးပြု သင်ကြားပေးပါတယ်။
မြန်မာနိုင်ငံက ဘုန်းတော်ကြီးများ စာသင်ကြားနည်းဟာ သိပ်ရှေးကျနေပြီး အလွတ်ကျက်နည်းဟာ ခေတ်မမှီတော့ဘူးဆိုတာကို ဝေဖန်လေ့လာမှုများ ရှိသင့်သလောက် ရှိခဲ့ပေမယ့် ဒီနည်းကို စွန့်လွှတ်ပြီး သက်သာတဲ့နည်းနဲ့ ပြုပြင်သင်ကြားပို့ချပေးမယ့် ပုဂ္ဂိုလ်များက နည်းပါးပါတယ်။ အဲဒီနည်းပါးတဲ့အထဲမှာ ဆရာတော်ကတော့ အကြိမ်ကြိမ် ကြေညာပြီး ခေတ်မီနည်းနဲ့ သင်ပေးခဲ့တဲ့ ပုဂ္ဂိုလ်ကြီးပါ။
ဆရာတော်က ငယ်၊ လတ်၊ ကြီး၊ ပထမပြန် စတဲ့ စာမေးပွဲကို စာတတ်တဲ့ အမှတ်အသားရယ်လို့ လက်မခံပါ။ နို့ပေမယ့် ဒကာ ဒကာမနဲ့တကွ အများရဲ့သဘောကို မလွန်ဆန်နိုင်သောအားဖြင့် ကျောင်းတိုက်တွင်းက သံဃာများကို စာမေးပွဲများမှာ ဖြေခွင့်ပေးခဲ့ပါတယ်။ ပေးပေမယ့် စာမေးပွဲအောင်လို့ စာတတ်တယ် မသတ်မှတ်ဘူး။ စာတကယ်တတ်ချင်ရင် အနက်အဓိပ္ပါယ်နဲ့တကွ သဘောရောက်အောင် ကြည့်ကြရမယ်၊ သဘောရောက်မှုအလိုက် ကျင့်ကြံအားထုတ်မှုများလည်း ရှိရမယ်လို့ ဆိုဆုံးမတော်မူတဲ့ ပုဂ္ဂိုလ်ပါ။
သက်တော်ရှည် စံကင်းဆရာတော်ကြီး ရွှေကျင်ဂိုဏ်းကြီးရဲ့ န၀မမြောက် ရွှေကျင်သာသနာပိုင် ဖြစ်တော်မူလာတဲ့အခါ မြောင်းမြဆရာတော်ကို တပါးတည်းသာ ခန့်အပ်တဲ့ ဥပဥက္ကဌ (ဒုတိယသာသနာပိုင်)နဲ့ ဂိုဏ်းလုံးဝန်ဆောင် ဆရာတော်အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရတယ်။ ဒါကြောင့် စံကင်းဆရာတော်ဘုရားကြီးရဲ့ လက်အောက်မှာ ၁၃၁၄ ခုနှစ်ကစပြီး ၁၃၃၄ ခုနှစ်အထိ ၂၁ နှစ်လုံးလုံး ရွှေကျင်ဂိုဏ်းကြီးရဲ့ တည်တံ့ရေး၊ ကြီးပွါးရေးများကို ရွက်ဆောင်တော်မူခဲ့တယ်။
ကျေးဇူးရှင် စံကင်းဆရာတော်ကြီး ၁၃၃၄ ခုနှစ်မှာ ပျံလွန်တော်မူတော့ ၁၃၃၇ ခုနှစ်ထိ ရွှေကျင်ဂိုဏ်းကြီးရဲ့ ဒသမ သာသနာပိုင်အဖြစ် ရွှေကျင်နိကာယဥက္ကဌ ဓမ္မသေနာပတိ ပထမသာသနာပိုင်အဖြစ်နဲ့ အသက်ထက်ဆုံး ရွက်ဆောင်သွားတော်မူခဲ့ပါတယ်။ မြောင်းမြ ဆရာတော်ဘုရားကြီးကတော့ အသက်ထင်ရှားမရှိတော့ပါဘူး။ ဒါပေမယ့် ဆရာတော်ရဲ့ ဂုဏ်သတင်းကတော့ တနေ့တခြား ထွန်းလင်းလို့သာနေမှာ ဖြစ်ပါတယ်။

လူထုဒေါ်အမာ။
[၁၉၉၄ ခု၊ ဖေဖော်ဝါရီလ၊ ပထမအကြိမ်၊ ကြီးပွါးရေးစာအုပ်တိုက်ထုတ် လူထုဒေါ်အမာ ရေး- 'သာသနာ့တန်ဆောင် ဆရာတော်ကြီးများ' စာအုပ်မှ ကူးယူဖော်ပြပါတယ်]

အပြည့်အစုံသို့>>>

မင်္ဂလာရောင်ခြည်-ဗုဒ္ဓ၀င်ရုပ်စုံ [အခန်းစဉ် ၁၊ ၂] ပြုစုသူ- မင်းယုဝေ။ သရုပ်ဖော်-ပန်းချီဦးစိန်

၁။ ခမည်းတော်နှင့် မယ်တော်
လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀-ကျော်က ကပိလ၀တ်ပြည်တွင် သာကီဝင်မင်းမျိုး သုဒ္ဓေါဒနဘုရင် မင်းပြုသည်။ သူသည် ဂေါတမအနွယ်ဖြစ်၍ 'သုဒ္ဓေါဒနဂေါတမ' ဟူ၍လည်း အမည်ရသည်။
ထိုမင်းတွင် မိဖုရားနှစ်ပါးရှိသည်။ မိဖုရားခေါင်ကြီးမှာ မာယာဒေ၀ီ ဖြစ်သည်။ မြောက်နန်းမိဖုရားကား ဂေါတမီဖြစ်သည်။ သူတို့သည် ညီအစ်မအရင်း တော်စပ်ကြသည်။
တညသ၌ မာယာဒေ၀ီမိဖုရားကြီးသည် အိပ်ပျော်နေစဉ် ထူးဆန်းသော အိပ်မက်ကို မြင်မက်သည်။ နတ်မင်းကြီးလေးပါးက သူ့ကို သလွန်နှင့်တကွ ဟိမ၀န္တာသို့ ယူဆောင်သွား ကြသည်။ ထို့နောက် နတ်သမီးလေးပါးက နတ်ရေကန်တွင် ရေချိုးပေးသည်။ ပြီးလျှင် ငွေတောင်အတွင်းရှိ ရွှေပြသာဒ်၌ သိပ်ထားသည်။ ထိုစဉ် ဆင်ဖြူတော်ကြီး တစီးပေါ်လာပြီးလျှင် သူ့ဝမ်းထဲသို့ ၀င်လာသည်ဟု မြင်မက်သည်။
ထိုအချိန်မှာပင် မာယာဒေ၀ီ၏ ၀မ်း၌ ဗုဒ္ဓဘုရားလောင်းကို သန္ဓေ တည်လေသည်။

1. Buddha's father and mother.
Over two thousand five hundred years ago, there reigned in Kapilavatthu a king named Suddhodana. He was of the Gotama clan and so was also named as Suddhodana Gotama.
He had two queens who were sisters; the elder and chief queen was called Mayadevi, and the younger and lesser (second) queen was Gotami.
One night Queen Mayadevi dreamt an extraordinary dream thus "four celestial beings (gods) carried her, along with the royal couch to Himavanta (Himalayas mt.); there four fairies after letting her bathe in the celestial lake, let her sleep in the golden building situated in the silver mountains. While she was thus sleeping, a white elephant appeared and entered her womb."
At that moment, the Bodhisat* (Buddha-to-be) took conception in Queen Mayadevi's womb.
* Bodhisat= Bodhisatta


၂။ ဖွားတော်မူခန်း
သန္ဓေ ၁၀ လ စေ့သော် မာယာဒေ၀ီသည် ခမည်းတော် မယ်တော်တို့ရှိရာ ဒေ၀ဒဟပြည်သို့ သွားလိုသဖြင့် မင်းကြီးထံ ခွင့်ပန်သည်။ မင်းကြီးကလည်း ကြည်သာစွာ ခွင့်ပေးသည်။
တနံနက်တွင် မာယာဒေ၀ီမိဖုရားကြီးသည် ရွှေထမ်းစင်ကို စီးလျက် အခြွေအရံများ ခြံရံကာ ဒေ၀ဒဟပြည်သို့ ထွက်လာခဲ့သည်။
လမ်းခရီးအကြားရှိ လုမ္ဗိနီဥယျာဉ်သို့ ရောက်သောအခါ ပင်လုံးကျွတ်ပွင့်နေသော အင်ကြင်းပင်ကို မြင်သည်။ ၀င်ရောက်ခူးဆွတ်လိုသောကြောင့် အခြွေအရံတို့အား "ခေတ္တရပ်နားကြပါ" ဟူ၍ ဆိုလေသည်။
မာယာဒေ၀ီသည် ရွှေထမ်းစင်မှ ဆင်းသက်၍ အင်ကြင်းခက်ကို ဆွဲကိုင်စဉ် ဘုရားလောင်းကို ဖွားမြင်သည်။ ထိုအချိန်ကား မဟာသက္ကရာဇ် ၆၈ ခု (ဘီ-စီ ၆၂၃) ကဆုန်လပြည့်၊ သောကြာနေ့။
ဘုရားလောင်းသည် ဖွားလျှင်ဖွားချင်းပင် မတ်တတ်ရပ်သည်။ ထို့နောက် ခုနှစ်ဖ၀ါး လှမ်းသွားပြီးလျှင် ကြုံးဝါးသည်။
"ငါသည် တလောကလုံးထက် မြတ်၏။"
ဘုရားလောင်းဖွားမြင်သော အချိန်မှာပင် ယသော်ဓရာမင်းသမီး၊ ညီတော် အာနန္ဒာ၊ ကာဠုဒါယီအမတ်လောင်း၊ ဆန္ဒအမတ်လောင်းတို့ကိုလည်း အသီးသီး ဖွားမြင်သည်။ ကဏ္ဍကမြင်းကိုလည်း မွေးသည်။ ရွှေအိုးကြီး လေးလုံးလည်း ပေါ်သည်။ ဗောဓိပင်လည်း ပေါက်သည်။ ယင်းတို့သည် ဘုရားလောင်း၏ ဖွားဖက်တော် ခုနှစ်ဦး ဖြစ်သည်။

2. Birth.
When the pregnancy was ten months old, Queen Mayadevi wanted to visit her parents and so asked permission from King Suddhodana to let her go to her parents' country (city) Devadaha. The King willingly gave his permission.
One morning Queen Mayadevi surrounded by attendants, departed towards Devadaha on a golden litter (palanquin).
On the way, they came upon Lumbini garden where she perceived a sal tree (shorea robusta) in full bloom. Wishing to enter the garden for plucking the flowers, the Queen told her attendants to stop for a while.
Queen Mayadevi stepped down from the golden litter and as she pulled the sal branch (she) gave birth to the Bodhisat. That day was Friday, the full moon day of the month Kason, second month of the great era (Myanmar era) 68 (B.C. 623)
As soon as he was born, Bodhisat stood up and advancing seven steps proclaimed aloud thus- "I am the most exalted in the whole world."
At the same moment as the Bodhisat was born, Princess Yasodhara, Buddha's younger brother Ananda, would be Kaludayi-, would be Chanda were also born. Simultaneously Kandaka horse was also born; four great gold pots rose up (out of the ground). Bodhi tree also grew up. These were the seven who were born at the same moment as the Bodhisat.

အပြည့်အစုံသို့>>>

  © Blogger templates Newspaper II by Ourblogtemplates.com 2008

Back to TOP